စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက် များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့ (ဩဂုတ် ၁၄) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၇၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၆၀၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဩဂုတ် ၁၃) ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ဝူယန်ကျေးရွာမှ ဒေါ်လန်း​ပြုံး (Lang Pyung) နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့သည် ဝိုင်းမော်မြို့မှ ဈေးဝယ်ပြီးအပြန် ခလရ ၅၈ တပ်ရင်းရှေ့ ကားလမ်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားစဉ် ခလရ ၅၈ မှ ပစ်ခတ်ခဲ့သည့်အတွက် ဒေါ်လန်း​ပြုံးသည် ဘယ်ဘက်နံရိုးကြားမှ ညာဘက်နံရိုးကြားကို ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ပြီး ဝိုင်း​မော်မြို့ဆေးရုံ၌ ကျဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာမူ လွတ်မြောက်သွားကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါမွန်းချောင်းရွာသား ကိုJoshua အား အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဖမ်းဆီးခဲ့ပြီး သေနတ်ဖြင့် ၎င်း၏ ဦးခေါင်းနောက်စေ့မှနေ၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျီကုန်းကျေးရွာကို ဩဂုတ်လ ၁ဝ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားတစ်ဦးဖြစ်သူ ဦးညီညီလတ်ကို အကြောင်းမဲ့ ဖမ်းဆီးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ဝိုင်းရိုက်သည့်အတွက် ဦးညီညီလတ်မှ ထွက်ပြေးစဉ် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ဦးညီညီလတ်၏ ရုပ်အလောင်းကို ရွာရှိ လှေဆိပ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ နှင့် လည်ပင်းနှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာများကို တွေ့ရှိရသည်ဟု ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 14, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 14 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 14 August 2021)