အာဏာသိမ်းမှု၊ ကပ်ရောဂါနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ

၂၃-ဇူလိုင်-၂၀၂၁
စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ထုတ်နေရသည့် မြန်မာနိုင်ငံသည် ကမာ္ဘလုံးအနှံ့ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ၏ တတိယလှိုင်းဒဏ်ကို အလူးအလဲခံစားနေရလျက်ရှိသည်။ ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ လုပ်အားပေးများ၊ စေတနာရှင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သလို အရှေ့တောင် အာရှနိုင်ငံများတွင် ရောဂါကာကွယ်ဆေး အစောဆုံးရရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ အကောင်းမြင် အသိအမှတ်ပြုခြင်းလည်း ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်သူ့ရွေးကောက်ခံအမတ်များ လွှတ်တော်တက်ရမည့်နေ့တွင် စစ်တပ်မှ လက်နက်ဖြင့် အနိုင်ကျင့်အာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအားလုံး ဆုတ်ယုတ်ပျက်သုဉ်းလာလျက် ရှိနေသည်။
အခြားနိုင်ငံများနည်းတူ ကပ်ရောဂါဘေးကို ရင်ဆိုင်ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံပြည်သူများသည် ရောဂါလက္ခဏာများ ခံစားနေရပါလျက် စမ်းသပ်ခွင့်၊ ဆေးကုသခွင့် မရရှိကြရဘဲ မည်ရွှေ့မည်မျှ ကူးစက်ခံနေရကြသည့် အရေအတွက်ကိုပင် မခန့်မှန်းနိုင်လောက်အောင် လူပမာဏအများအပြား ရောဂါဒဏ်ကို ခံစားနေရကြရသည်။
အခြေခံအိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း၊ ဈေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ လိုအပ်သော ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်ကို အကြီးအကျယ်ကန့်သတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးအရောင်းဆိုင်များကို စစ်တပ်က ဖိအားပေး၍ ပိတ်ခိုင်းခြင်း၊ အောက်ဆီဂျင်စက်ရုံများကို သာမန်အရပ်သား ပြည်သူများထံ ရောင်းချခွင့်ကို ပိတ်ပင်ခြင်းတို့ကဲ့သို့သော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များ ကြောင့် ပြည်တွင်း လူသေဆုံးနှုန်းမှာ လျင်မြန်စွာ တိုးပွားလာနေသည်။ သို့ရာတွင် အကြမ်းဖက်စစ်တပ်ကမူ သတင်းထိန်ချန်ခြင်း၊ အမှောင်ချခြင်းနှင့် မဖြစ်စလောက်သော ပမာဏကိုသာ ဖော်ပြလျက်ရှိသည်။
တစ်ဖက်တွင်လည်း ပြည်သူများ၏ ကျန်းမာရေးပြဿနာများကို ကူညီစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များကိုလည်း ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်း၊ နေအိမ်တွင် ဝင်ရောက် စီးနင်းခြင်း၊ ဝရမ်းထုတ်ခြင်းတို့ကို အာဏာသိမ်းချိန်မှစ၍ ယနေ့ကဲ့သို့ ကိုဗစ်တတိယလှိုင်းပြင်းထန် နေသည့် အချိန်အထိ ရက်စက်စွာကျူးလွန်နေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်ကောက်ယူမှုများအရ ယနေ့ အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ် (၆၇) ဦးရှိနေပြီး (၆၀၀) နီးပါးမှာ ဝရမ်းထုတ် ပြန်ခံထားရ၍ ရှောင်တိမ်းနေရလျက်ရှိသည်။ ဆေးကျောင်းသား စုစုပေါင်း (၂၂၁) ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ (၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ထိုအပြင် ဆရာဝန်၊ သူနာပြု (၇) ဦးမှာ အကြမ်းဖက် စစ်တပ်ကြောင့် ကျဆုံးသွားရပြီးဖြစ်သည်။ AAPP မှ လတ်တလောအချိန်တွင် လက်လှမ်းမမှီ၍ မကောက်ယူနိုင်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများလည်း ကျန်ရှိနေသည်။
ဖမ်းဆီးခံရသူများထဲတွင်
• ဇူလိုင်လ (၁၃) ရက်နေ့ ညအချိန်၌ အကြမ်းဖက်စစ်တပ်၏ လက်ပါးစေ၊ ရဲနှင့် စစ်သား များက နေအိမ်ထဲသို့ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခြင်းခံရသူ မန္တလေး ဆေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာ ကျော်ကျော်သက်မှာ မန္တလေးနန်းတွင်းထဲရှိ စစ်ကြောရေးတွင် နေ့စဉ်ရက်ဆက် နှိပ်စက်ညှဉ်းပန်းခံ၍ အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းမှုကို ခံနေရသည်။ ဒေါက်တာကျော်ကျော်သက်သည် မတ်လ ၂ရ ရက်နေ့က အကြမ်းဖက် စစ်အုပ်စု၏ တရားလက်လွတ်ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသည့် ဒေါက်တာသီဟတင်ထွန်းနှင့် ရင်းနှီးသော သူငယ်ချင်းတစ်ဦးဖြစ်သလို ပရဟိတ ဆေးခန်းများ၊ လူမှုရေးလုပ်ငန်းများတွင် လုပ်ကိုင်ရင်း ဆေးကျောင်းသား များကိုလည်း ပညာဒါနသင်ကြားပေးနေသူ တစ်ဦးဖြစ်သည်။
• ဇူလိုင်လ (၁၆) ရက်နေ့ကလည်း မန္တလေးမြို့ရှိ နာမည်ကြီး ခွဲစိတ်ဆရာဝန် ဒေါက်တာ သက်ဌေးသည် ဆေးရုံ တစ်ခုမှ လူနာကို သွားရောက်ဆေးကုသပြီးအပြန် အကြမ်းဖက်စစ်တပ်၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဒေါက်တာသက်ဌေးသည် ပရဟိတ ဆေးခန်းများ နှင့် ဆေးရုံများတွင် လူနာများကို အခမဲ့ကြည့်ရှုကုသခွဲစိတ်ပေးနေသည့် ဆရာဝန်ကြီး တစ်ဦး ဖြစ်သလို နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းမှုများကြောင့် ဒဏ်ရာရသူ ပြည်သူများကိုလည်း တောက်လျှောက်ပြုစုကုသပေးနေခဲ့သည့် ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။
• ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များကို ဖမ်းဆီးချိန်တွင် မိသားစုကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးမှုများကိုလည်း စစ်အုပ်စုက ပြုလုပ်လျက်ရှိရာ ဇွန်လ ၁ဝ ရက်နေ့က အမျိုးသားကာကွယ်ဆေးအစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို ဖမ်းဆီးစဉ်က ခင်ပွန်း၊ သား၊ သူငယ်ချင်းနှင့် သူငယ်ချင်း၏ သမီးငယ်တို့ကိုပါ ဖမ်းဆီးသွားခဲ့သည်။ ဒေါက်တာထားထားလင်းသည် NLD အစိုးရလက်ထက်တွင် ပြည်သူအားလုံး COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် အဓိကစွမ်းဆောင်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။ လက်ရှိ စစ်အုပ်စု၏ ဖမ်းဆီးချုပ်နှောင်ထားစဉ်အတွင်း သူမသည် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း လည်း သိရသည်။
• ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့၌လည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ပြည်သူများကို COVID-19 ရောဂါ ကုသပေးနေသည့် ဆရာဝန်များအား အကြမ်းဖက် စစ်တပ်၏ တပ်ဖွဲ့ဝင်များက လူနာ ဟန်ဆောင်ကာ ခေါ်ဆောင်ပြီး ဖမ်းဆီးကာ ဆရာဝန်များ၏ ရုံးခန်းတည်နေရာကို မေးမြန်း၍ ဝင်ရောက် စီးနင်းမှု လုပ်ဆောင်ခဲ့သည်။ ထိုသို့ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးမှုကြောင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ကိုဗစ်ဖြစ်ပွားနေသည့် ပြည်သူများကို အွန်လိုင်း ကုသရေးလမ်းညွှန်ပေးနေသည့် ဆရာဝန် ၂ ဦးနှင့် မြေပြင်ကုသရေး စေတနာ့ဝန်ထမ်း ဆရာဝန် ၃ ဦး စုစုပေါင်း ဆရာဝန် ၅ ဦးတို့ကို ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် အကြမ်းဖက်တပ်ဖွဲ့ဝင်များက ရုံးခန်းသို့ ဝင်ရောက် ဖမ်းဆီးစဉ် ပြည်သူများ လှူဒါန်းထားသည့် အောက်စီဂျင် ၄ဝ လီတာ ၅ အိုး၊ ၁၅ လီတာအိုး ၁၈ အိုး၊ အောက်စီဂျင်အိုး ပစ္စည်းအစုံ ၁၂ စုံနှင့် PPE များ ဆေးဝါးပစ္စည်းများကို တရားမဝင်ကြောင်းပြောဆိုကာ ယူဆောင်သွားခဲ့ကြသည်။
ယခု အချိန်ကာလသည် ပြည်သူအများ ကျန်းမာရေးစောင့်ရှောက်မှုကို အလွယ်တကူလက်လှမ်းမှီစွာ ကုသခံရမည့် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်မှာ COVID-19 ကူးစက် ရောဂါကို ဇီဝလက်နက်အဖြစ် အသုံးချ၍ ပြည်သူများကို အသက်အန္တရာယ်တွင်းသို့ တွန်းပို့နေသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးနိုင်ရန် ကြိုးစားနေသော ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များကို မတရားသော ဥပဒေပုဒ်မများတပ်၍ ဖမ်းဆီး တရားစွဲဆိုခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်နေသည်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်နေခြင်းပင်ဖြစ်သည်။
ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးကျောင်းသား/သူများအား ပစ်မှတ်ထားခြင်း ဖမ်းဆီးနှိပ်ကွက်ခြင်းသည် နိုင်ငံတကာဥပဒေများအား ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် အကြမ်းဖက်စစ်အုပ်စုမှ စနစ်တကျ ဖမ်းဆီး ထိန်းသိမ်း၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခြင်းခံရသော ကျန်းမာရေးလုပ်သားများအား ကာကွယ်ရန် အထူးတာဝန်ရှိသည်။ ၂၀၁၆ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၈၆ တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကို တိုက်ခိုက်မှုများအား ပြင်းထန်စွာ ရှုတ်ချထားပြီး “အစိုးရတိုင်း သည် မည်သူ့ကိုမျှ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မပေးရဘဲ တရားမျှတမှုရရှိရန်သာ လုပ်ဆောင်ရမည်”ဟု ဖော်ပြထားသည်။ သို့သော်လည်း နိုင်ငံတကာမှ အရေးယူမှုမရှိခြင်းနှင့် မြန်မာနိုင်ငံတွင် တာဝန်ခံမှုမရှိခြင်းက ပြစ်ဒဏ်မှကင်းလွတ်ခွင့် ဆက်လက်ရစေပြီး ရက်စက်သော ရာဇဝတ်မှုများကို ကျူးလွန်လာစေရန် ခွင့်ပြုထားပြီး ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာဥပဒေ၏ အထွဋ်အထိပ်ဖြစ်သော ၁၉၄၉ ဂျီနီဗာသဘောတူညီချက်၏ အပိုဒ် ၂၄ ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အထူးသဖြင့် ဒဏ်ရာရသူများ သို့မဟုတ် နာမကျန်းဖြစ်နေသူများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် ကုသပေးခြင်းကို ပြုလုပ်နေသူများ သို့မဟုတ် ရောဂါကာကွယ် တားဆီးရေးတွင် ပါဝင်နေသူများကို မည်သည့်အခြေများတွင်မဆို လေးစား၍ ကာကွယ်မှုပြုပေးရမည်” ဟု ဖော်ပြထားသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ COVID-19 ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ “လက်နက်ကိုင်တိုက်ပွဲများကို ရပ်တန့်ထားရန် အချိန်ကျရောက်ပြီဖြစ်ပြီး ကျွန်ုပ်တို့၏ အသက်များအတွက် စစ်မှန်သော တိုက်ခိုက်မှုကို အာရုံစိုက်၍ အတူတကွလုပ်ဆောင်ကြရမည်” ဟု ဖော်ပြထားသည်။ အပစ်အခတ်ရပ်စဲရေးကို စတင်လုပ်ဆောင်ရမည့်အစား အရပ်သားများအပေါ် နောက်ထပ် အကြမ်းဖက်မှုဖြစ်စေသည့် ဘေးသင့်စေရန် အကြမ်းဖက်စစ်အုပ်စုမှ COVID-19 ရောဂါကို လက်နက်သဖွယ် နည်းစနစ်ကျစွာ အသုံးပြုလျက်ရှိသည်။ ကမာ္ဘ့အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေးလုပ်သားများကို ကာကွယ်ရန် အထက်ပါကတိကဝတ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ ဗြောင်ကျကျ ကျူးလွန်နေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကြာရှည်စွာ လျစ်လျူရှုထားရန် မသင့်တော့ပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဒေါင်းလော့ရယူရန် Burmese_COVID, Coup and Medics_23-Jul-2021.docx
ဆေးဝန်ထမ်းများဖမ်းဆီးခံထားရမှုစာရင်း Medic and Health Care Provider List_AAPP (23-Jul-2021)
ဆေးကျောင်းသားများဖမ်းဆီးခံထားရမှုစာရင်း Medical Students List_AAPP (23-Jul-2021)