စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နေ့စဉ် ထုတ်ပြန်ချက်၊ အဖမ်းအဆီးစာရင်း နှင့် ကျဆုံးစာရင်းများကို ဇူလိုင်လ ၄ ရက် (တနင်္ဂနွေနေ့) မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထုတ်ပြန်မှုကို ရပ်နားသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် နှင့် ကန့်ဘလူမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၉၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၀၈၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သပိတ်စစ်ကြောင်း၏ သပိတ်ခေါင်းဆောင် ကိုမြတ်သူအပါအဝင် လေးဦးသည် နေအိမ်တစ်အိမ်၌ရှိနေစဉ် အကြမ်းဖက် စစ်အုပ်စုမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း မြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး (ခေါ်) ကိုပိုးဟက်ကိုလည်း အကြမ်းဖက် စစ်အုပ်စုမှ ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jul 5, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 5 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 5 July 2021)