စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နှင့် မုံရွာမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၈၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၅) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ညနေက အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီး ခေါ်ဆောင်သွားသော သားအဖ နှစ်ဦးအနက် သားဖြစ်သူ မောင်ဇော်ထက်မှာ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့တွင် မိသားစုထံအကြောင်းလာသည်ဟု သိရှိရသည်။ မောင်ဇော်ထက်မှာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့်သာ ကျဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း၏ နီးစပ်သူများ၏ပြောကြားချက်အရ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီအချိန်က အရပ်သား တစ်ဦးဖြစ်သူ ကိုနိုင်ဝင်းဦးသည် ဂိုထောင်သော့ မေ့ကျန်၍ ပြန်ယူစဉ် အကြမ်းဖက်စစ်အုပ်စုမှ အမေးအမြန်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံးသွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် သတင်းထောက်တစ်ဦးဖြစ်သူ ကိုစောပြည့်ချမ်းသာသည် ယမန်နေ့ (ဇွန် ၂၆) ညနေပိုင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အင်ဂျင်နီယာ ဦးစံလွင်နှင့် သားဖြစ်သူ ကိုလင်းလက်အောင်တို့သည် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည်ဟူသော သတင်းမှားပေးတိုင်ကြားခံရမှု ကြောင့် ဇွန်လ ၂၅ ရက်နေ့ ညအချိန်တွင် ရိုက်နှက် ဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 27, 2021 (Burmese) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List (Burmese – Last Updated on 27 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 27 June 2021)