စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၅၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၁၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၄) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဘယ်ဘက်ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော အသက် ၁၉ နှစ် အရွယ်ရှိ မိုင် Nuam Za Thiang သည် ယင်းနေ့ ည ၁ဝ နာရီခန့်တွင် ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ မိသားစုထံ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။ မိုင် Nuam Za Thiang ၏ ရုပ်အလောင်း၌ သွေးအများအပြား တွေ့ရှိရသည်ဟုလည်း သိရှိရသည်။
ဇွန်လ ၂၃ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ ထားဝယ်သပိတ် ဦးဆောင်သူ ကိုကျော်ထွေးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ပို့ကုန် သွင်းကုန်ဥပဒေတို့ဖြင့် ထောင်ဒဏ် (၂) နှင့် (၄) လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ အလားတူ ထားဝယ်မြို့မှ သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်ကိုလည်း ဇွန်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ် (၄) နှစ်အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှ လူငယ်များဖြစ်ကြသည့် ကိုကျော်တေဇာဦး၊ ကိုကောင်းကျော်ထက် နှင့် လူငယ်တစ်ဦး တို့ကို သဲကုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၏ Post ကို Share ခဲ့ခြင်းအတွက် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရသည်။ ၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ‌ဆရာမကြီး လချိတ်လွမ်းညွယ်ကို ဇွန်လ ၂၃ ရက်နေ့ ညအချိန်က ချီဖွေမြို့ရှိ နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 25, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 25 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 25 June 2021)