၂၀၂ဝ ခုနှစ်၊ မတ်လ၊ လစဉ်သတင်းလွှာ

သင်တန်းပို့ချခြင်း

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင် ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (အခြေခံ) သင်တန်း ပို့ချပေးခြင်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သင်တန်းပို့ချ

မတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု(အခြေခံ)သင်တန်းကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌ ပို့ချခဲ့သည်။ မတ်လ ၆ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့ထိ ပြုလုပ်ခဲ့သော (၁၃)ရက်တာ သင်တန်း၌ သင်တန်း နည်းပြအဖြစ် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦး တို့မှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၅) ဦး၊ သင်တန်းသား (၁၃) ဦး တို့တက်ရောက်ခဲ့သည်။ ၎င်းတို့သည် ဓနုအမျိုးသမီး၊ မုန်းပန်လူငယ်အသင်း (MPYA)၊ ဓနုစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြစ်ဖျားပန်းလောင်သ ဘာဝပတ်ဝန်းကျင်ချစ်သူများ၊ ဓနုလူငယ်ပရဟိတအဖွဲ့၊ Nam Khone School၊ ရှမ်းတောင်အမျိုးသမီးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်သူ့စစ်အဖွဲ့၊ Camp
Forest အဖွဲ့၊ ဓနုမျိုးချစ်လူငယ်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ အဝါရောင်မျိုးဆက်သစ်လူငယ်၊ ဒို့လူပဲ့နှင့် မိုင်းပန်းကွန်ယက် တို့မှ အဖွဲ့ဝင်များနှင့် အရပ်သားများဖြစ်ကြပြီး ဓနု၊ တောင်ရိုးနှင့် ပအိုင်းတိုင်းရင်းသားများဖြစ်ကြသည်။ ရွာငံမြို့အနီးရှိကျေးရွာ များတွင် ယခင်က လယ်ယာမြေ သိမ်းဆည်းမှုများရှိခဲ့သည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ဆွီဒင်သံရုံးမှကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာ

ဆွီဒင်သံရုံးမှကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

မတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံးမှ Frida Zaric (Minister Counsellor – Head of Office), Cecilia Skinner (Controller Development Cooperation), Aung Khaing Min and Thiri Sun တို့ ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP အတွင်းရေးမှူး ဉီးတိတ်နိုင်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဉီးအောင်မျိုးကျော်၊ စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး အစီစဉ်တာဝန်ခံ (MHAP) ဉီးကျော်စိုးဝင်း နှင့် မှတ်တမ်းနှင့်သုသေတနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ ကိုဇော်မိုး တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP မှ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အထွေထွေလှုပ်ရှားမှုများ

နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်

နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်ပွဲအခမ်းအနား၌ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ ရှင်းလင်း ပြောကြား

မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် (အောက်ဘလောက်) ၌ နောက်ဖေးလမ်းကြား ဥယျာဉ် လူ့အခွင့်အရေးလမ်းကြားဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ သည်။  အဆိုပါအခမ်းအနားသို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP)  မှ အတွင်းရေးမှူး ဦးတိတ်နိုင် အပါအဝင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ချက်နိုင်ငံ သံအမတ်ကြီးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့သည်။ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ အဆိုပါနောက်ဖေး လမ်းကြားဥယျာဉ်တွင် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး ပန်းချီများ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ပန်းချီကားချပ် များ ရေးဆွဲပြသနိုင်ရေးအတွက် AAPP  မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ ကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့ပြင့် AAPP  မှ လူ့အခွင့်အရေး ကြေညာစာတမ်းများ ကိုလည်း တက်ရောက်ခဲ့သူများအား  ဖြန့်ဝေပေးခဲ့သည်။ 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)

သင်တန်းပို့ချပေးခြင်း

CETA Short Session (CSS) သင်တန်းကို ပို့ချပေးခြင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP) မှ သင်တန်းနည်းပြ ဦးထင်အောင်နှင့် AMHR(JHU) မှ သင်တန်းနည်းပြ ဒေါ်ခင်ငြိမ်းချမ်းစိုးတို့သည် TOP center ၏ CSS provider သင်တန်းသား/သူများအား CETA Short Session(CSS) သင်တန်းကို ရန်ကုန်မြို့ရှိ PSI TOP center ၌ မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့သည်။
နှစ်သိမ့်ဆွေးနွေးပေးခြင်း
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မတ်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ခြောက်ဦးသည် ထိုသင်တန်းကျောင်းမှ အမျိုးသမီး တစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၈ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။
ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မတ်လ အတွင်းတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။
ထို့ပြင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ နှစ်ဦးနှင့် ကောင်ဆယ်လာ ၁၁ ဦးတို့သည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ မတ်လအတွင်းတွင် လူငယ် ၃၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေး ခဲ့သည်။
မတ်လအတွင်းတွင် အမျိုးသမီးကောင်ဆယ်လာ တစ်ဦးနှင့် အမျိုးသား ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသူ အမျိုးသမီး သုံးဦးနှင့် သင်တန်းသား အမျိုးသား ငါးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။
ဖေဖော်ဝါရီလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ မတ်လအတွင်းတွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂၁ ဦးနှင့် အမျိုးသား ကိုးဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တည်ထောင်ခြင်း အနှစ် (၂၀)ပြည့်

AAPP နှစ် ၂ဝ ပြည့် စကားဝိုင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို တည်ထောင်ခဲ့သည်မှာ မတ်လ ၂၃ ရက်နေ့တွင် နှစ် (၂၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ နှစ် (၂၀) ကြာ ဖြတ်သန်းခဲ့ပြီးသော AAPP သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် နိုင်ငံရေးအကျဉ်းသား ရေးရာကိစ္စရပ်များအတွက် အစဉ်တစိုက်နှင့် အားသွန်ခွန်စိုက် လှုပ်ရှား‌ဆောင်ရွက်လျက် ရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းပြင် ပြောင်းလဲလာသော နိုင်ငံရေးအရွေ့တွင် လူ့အခွင့်အရေး၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ကာကွယ်မြှင့်တင်ရေးတို့ အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းပဋိပက္ခများ၊ ထိုပဋိပက္ခများ၏ အကျိုးဆက်ကြောင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တင်းကျပ်ထားမှုများ၊ လယ်ယာမြေနှင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့် နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးမှုများ စသည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်နိုင်ခြင်းမရှိသေးသရွေ့ မညီမျှမှု၊ မလွတ်လပ်မှုတို့ကို ဆန့်ကျင်တွန်းလှန်မှုများလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေနှင့်လည်း နိုင်ငံရေး အကျဉ်းသားများမရှိသော နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည့်အဝခံစားခွင့်ရရှိမည့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်လာစေရန် ဆက်လက် တိုက်ပွဲဝင်သွားဦးမည်ဖြစ်သည်။ “နိုင်ငံရေးအကျဉ်းသား ရှိနေသရွေ့ အမျိုးသား ပြန်လည်သင့်မြတ်ရရေး မဖြစ်နိုင်ပါ”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် အသင်းစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူး တို့၏ ရုပ်သံစကားဝိုင်းတစ်ခုကို အပိုင်း (၈) ပိုင်းခွဲ၍ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာ၌လည်း AAPP နှစ် ၂ဝ ပြည့် စကားဝိုင်းကို ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

https://aappb.org/bu/category/video-burmese/

AAPP ၏ နှစ် ၂ဝ ပြည့် အစီရင်ခံစာ

ထို့ပြင် ‘နှစ်၂ဝ ထိုခရီး’ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို ရေးသားထုတ်ဝေဖြန့်ချီခဲ့သည်။
အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာ၌လည်း AAPP ၏ နှစ် ၂ဝ ပြည့် အစီရင်ခံစာကို ဝင်ရောက် ဖတ်ရှု့နိုင်ပါသည်။

20-aapp_final_22marနှစ် ၂ဝ ထိုခရီးအစီရင်ခံစာဒေါင်းလော့ရယူပါ

ဒေါငျးလော့လငျ့ March Newsletter (Burmese)