အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် (နှင်းပန်းအိမ်)
၁။လေးစားရတဲ့သောတရှင်များရှင့်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အကျဉ်းထောင်ထဲမှာကဗျာတွေအများကြီးစပ်ခဲ့ဘူးပါတယ်။ထောင်ထဲမှာကဗျာဆရာကကဗျာကိုပါးစပ်နဲ့ရေးပြီးပရိတ်သတ်က နားနဲ့ဖတ်ပါတယ်။ဒီတော့ကဗျာကိုအပြည့်အစုံမဟုတ်တော့ဘဲ မှတ်မိသလောက်ကိုဘဲပြန်ပြောနိုင်ကြတော့တယ်။ အဲဒီကဗျာတွေထဲက မောင်ရုပ်ဆိုးဆိုတဲ့ကဗျာလေးက ဂရုဏာသက်စရာ။ ခေတ်နဲ့ယှဉ်တဲ့လူ့ဘဝကိုပေါ်လွင်တဲ့ကဗျာလေးပါပဲ။ ကဗျာထဲမှာမိခင်နှမတွေသားနဲ့ မောင်အတွက် သတိုးသမီးရှာသတဲ့။ မိန်းကလေးမိဘတွေကယောက်ျားလေးရှင်ကိုမေးပါတယ်။
“သတိုးသားလောင်းကရုပ်ချောရဲ့လား။ပညာတတ်ရဲ့လား။အလုပ်ကောင်းကောင်းရှိရဲ့လား။ငွေရှာကောင်းရဲ့လား” တဲ့။ဒီတော့အမေနဲ့နှမတွေကသတိုးသားကရုပ်ရည်က ရွက်ကြမ်းရေကျို၊ ကျောင်းပြီးအောင်တောင်မတက်ခဲ့ရဘူး။ အလုပ်လက်မယ့်ထောင်ထွက်ဆိုတော့သတိုးသမီးဘက်ကခါးခါးသီးသီးငြင်းလိုက်တဲ့အကြောင်းပါ။
၂၀၀၅ခုနှစ်မှာကိုမင်းကိုနိုင်ထောင်ကပြန်လွတ်လာတော့အဲဒီ့ကဗျာအကြောင်းကျမ မေးခဲ့ပါတယ်။” ဒီကဗျာကနိုင်ငံရေးသမားလူငယ်တွေကိုကိုယ်စားပြုတာပါအမရယ်လို့သူ့ဟန်အတိုင်းပြုံးစစနဲ့အရွှန်းဖောက်တယ်။ နိုင်ငံရေးသမားလူငယ်တွေရဲ့အချစ်ရေးကလဲတိုင်းပြည်ရေးနဲ့ဆက်စပ်နေတာမို့လား။ နိုင်ငံရေးသမားတွေကိုနားလည်ပေးနိုင်တဲ့ဇနီးမယားတွေအများကြီးရှိသလို ဇနီးမယားတွေရဲ့အငြင်းပယ်ခံရပြီး သံတိုင်တွေနောက် ကွာရှင်းစာချုုပ်တွေရောက်ခဲ့တာလည်းရှိပါတယ်။ ထောင်ထဲကနိုင်ငံရေးအကျဉ်းသမား ဘယ့်လောက်ကြေကွဲခဲ့ရတယ်ဆိုတဲ့ အဖြစ်အပျက်တွေလည်း ကျမတို့နာနာကျင်ကျင် နားထောင်ခဲ့ရဘူးပါတယ်။
မွန်သူရဲကောင်းလဂွန်းအိမ်က ရှေ့တန်းထွက်မှသူရဲကောင်းမဟုတ်ပါဘူး။ နောက်တန်းကနေပြီး သူရဲကောင်းအတွက် ပါရမီဖြည့်နေတဲ့သူကလည်းသူရဲကောင်းပါလို့ ပြောခဲ့တဲ့စကားကျမဖတ်ခဲ့ဘူးပါတယ်။ ခင်ပွန်းသည်ကို အရိပ်လိုအတူလိုက်၊နောက်တန်းကနေ အင်အားဖြည့်မေတ္တာအပြည့်နဲ့ကူညီသူအမျိုးသမီးတွေကို ပြောတာဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ဖက်ဇနီးမောင်နှံဆိုတာ ဘဝခရီးဖော်ပါပဲ။ လူ့ဘဝခရီးရှည်ကြီးကိုအတူတကွဖြတ်သန်းရတဲ့ရဲဘော်ရဲဘက်နှစ်ဦးပါ။ သေအတူရှင်မကွာ လောကဓံကိုရင်ဆိုင်မယ်။ ဆင်းရဲအတူ ချမ်းသာအတူ အေးအတူပူအမျှလို့ စဉ်းစားဆုံးဖြတ်ပြီး ဘဝခရီးကို အတူလျှောက်ခဲ့ကြတာပါ။ ဒီထဲကမှအုပ်ချုပ်သူရဲ့ဖိနှိပ်မူကြောင့်မိမိတိုင်းပြည်ပြည်သူလူထုအတွက် တိုက်ပွဲဝင်ကြတဲ့ နိုင်ငံရေးသမား လောကဓံလှိုင်းက မိသားစုကိုပါရိုက်ခတ်ပါတော့တယ်။ လှိုင်းဆိုတာ ဂယက်ထတတ်ပါတယ်။
လှိုင်းရဲ့အားပေါ်မူတည်ပြီး ဂယက်အရှိန်ဆိုတာပါလာပြီ။ ဒီလှိုင်းဂယက်ကိုမျှဝေခံစားနိုင်သူဇနီးသည်ကြောင့် သေတပန်သက်တဆုံးမြဲသူ မြဲသလို၊မျှဝေမခံစားနိုင်သူ ဇနီးသည်ကြောင့်ကွဲသူတွေကွဲသွားဘူးပါတယ်။
အပြည့်အစုံဖတ်ရှုရန် ဒေါင်းလော့ရယူပါ။

