နောက်ခံသမိုင်း
၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီစနစ်မှ ရာစုနှစ်တခုကျော်ကြာ လွတ်လပ်ရေးရပြီးနောက် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ပါလီမန် ဒီမိုကရေစီအစိုးရမှ နိုင်ငံကို ဦးဆောင်ခဲ့သည်။ မတူညီသော လူမျိုးစုများ၊ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းခဲ့သည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ကျောင်းဆောင်စည်းကမ်းများနှင့်ပတ်သက်၍ ကျောင်းသား/သူအများအပြားသည် စစ်အစိုးရအား ပထမဦးဆုံး ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် စစ်တပ်မှအကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ကျောင်းသား/သူအများအပြား သေဆုံးကာ ဖမ်းဆီးခံခဲ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မြန်မာ့သမိုင်းတွင် စစ်အာဏာရှင်ကို ကျောင်းသားများ၏လှုပ်ရှားသော 7 July ဟု မော်ကွန်းတွင်ခဲ့သည်။
၁၉၇၄ နိုဝင်ဘာလတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သည် ဦးသန့်သည် အမေရိကန်နိုင်ငံ၌ကွယ်လွန်ခဲ့ပြီး ၎င်း၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်သည့်အချိန် ဦးနေဝင်းဦးဆောင်သောစစ်အစိုးရသည် သာမာန်လူတဦးအနေဖြင့်သာ သင်္ဂြိုဟ်ရန် စီစဉ်ခဲ့သဖြင့် တက္ကသိုလ်ကျောင်းသားများမှ မကျေနပ်သည့်အတွက် ဦးသန့်၏ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်း သယ်ဆောင်ပြီး ဈာပနအခမ်းအနားကို ကျင်းပခဲ့ကာ သမဂ္ဂမြက်ခင်းပြင်တွင် ဂူသွင်း၍ ဂုဏ်ပြုခဲ့ကြသည်။
စစ်အုပ်စုသည် ဆန္ဒပြ ကျောင်းသား/သူများကို ရက်ရက်စက်စက်ဖြိုခွင်းပြီး ဦးသန့်၏ ရုပ်ကလာပ်ကိုလည်း စစ်အုပ်စုမှ အတင်းအဓမ္မ သယ်ဆောင်ကာ ရွှေတိဂုံဘုရား တောင်ဖက်မုခ်ရှိ ကန်တော်မင်ပန်းခြံတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ စစ်တပ်၏ရက်စက်စွာ ဖြိုခွင်းမှုကြောင့် ကျောင်းသား၊ကျောင်းသူများစွာ သေကြေခဲ့ကြရပြီး များစွာလည်း ဖမ်းဆီးအကျဉ်းချခံခဲ့ကြရသည်။ ၁၉၇၄ ဦးသန့်အရေးအခင်းနောက်ပိုင်း ၁၉၇၅ အလုပ်သမား ဆန္ဒပြမှု၊ ၁၉၇၆ သခင်ကိုယ်တော်မှိုင်း ရာပြည့်လှုပ်ရှားမှု စသည့် မ ဆ လ စစ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။
၁၉၈၇ ခုနှစ်တွင် မ ဆ လ တပါတီအာဏာရှင် စစ်အစိုးရသည် ပြည်သူလူထုများ သုံးစွဲနေသည့် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန် နဲ့ ၂၅ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေအဖြစ် ကြေညာပြီး နိုင်ငံတော် ဓားပြမှုကို ကျူးလွန်ခဲ့သည့်အတွက် လက်လုပ်လက်စား လူတန်းစားပါမကျန် တနိုင်ငံလုံး ထိခိုက်ခဲ့ကြရသည်။ ထိုအတွက် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်နှင့် အင်းစိန်GTI ကျောင်းသား/သူများမှ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ထို့နောက် ၁၉၈၈ မတ်လတွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သားများ လူငယ်ချင်း ခိုက်ရန်ဖြစ်ပွါးခြင်းအား စစ်အစိုးရမှ တဖက်သတ်လက်နက်ဖြင့် ဖြေရှင်းခဲ့မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ကြပြီး ကျောင်းသားထုအတွင်း မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်နဲ့ အခြား တက္ကသိုလ်နယ်မြေများတွင်ဆန္ဒပြမှု တွေ စတင်ဖြစ်ပေါ်လာခဲ့သည်။ မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား/သူများသည် စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် သွားရောက်ပူးပေါင်းရန် လမ်းလျှောက်ချီတက်စဉ် အင်းလျားကန်ရှေ့အရောက်တွင် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ (လုံ/ထိန်း) များ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများစွာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရပြီး မတ် ၁၆၊ တံတားနီအရေးအခင်းဟု သမိုင်းတွင်ခဲ့သည်။
နောက်ဆက်တွဲဖြစ်ရပ်များအနေဖြင့် ၈ ရက်၊ ၈ လ၊ ၈၈ နေ့မှ စတင်၍ တပြည်လုံးမှ သိန်းပေါင်း များစွာသော ပြည်သူလူထုများ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ရဟန်းရှင်လူ၊ ကျောင်းသူ၊ကျောင်းသားများ၊ တိုင်းရင်းသားများအပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ အစိုးရဝန်ထမ်းများ၊ ပါဝင်ခဲ့ကြသော နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုဖြစ်လာခဲ့ပြီး ၈လေးလုံးအရေးတော်ပုံအဖြစ် ကမ္ဘာသိသမိုင်းမှတ်တိုင်ထူနိုင်ခဲ့သည်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးဆန္ဒ ပြမှုများကို လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် အတည်မပြုနိုင်သောသတင်းများအရ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။
၁၉၈၈ ခုနှစ်ကျောင်းသားများဦးဆောင်သော အရေးတော်ပုံကို ရက်စက်စွာနှိမ်နင်းပြီးနောက် နဝတ စစ်အစိုးရသည် နိုင်ငံအတွင်းရှိ မည်သည့်အတိုက်အခံကိုမဆို ရက်စက်စွာနှိမ်နင်းခဲ့သည်။
၈လေးလုံးအရေးတော်ပုံနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နဝတ စစ်အာဏာရှင်မှ မတရားဖမ်းဆီး ထောင်ချနေသော်လည်း ၁၉၉၁ ခုနှစ်- နိုဗယ်လ်ငြိမ်းချမ်းရေးကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၆/၉၈ ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။
ထို့အပြင် ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းရှင်လူပြည်သူ သိန်းနှင့်ချီ၍ စစ်အစိုးရကို ဆန္ဒပြခဲ့ကြပြီး ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်နှင့် ပြည်သူအများအပြား ဖမ်းဆီးထောင်ချခံခဲ့ကြရသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ပြည်တွင်းပြည်ပ ဖိအားများကြောင့် နအဖ စစ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထုထောက်ခံမှုမရှိဘဲ ၂၀၀၈ ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအား လူထုထောက်ခံမှုအပြည့်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဘဲ ကျင်းပခဲ့ပြီး ဦးသိန်းစိန်အစိုးရအား ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏ စစ်တပိုင်းအစိုးရသည် နိုင်ငံရေးအကျဉ်းသားများစွာကို စတင်လွှတ်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို တပြိုင်နက်တည်း လွှတ်ပေးခဲ့ပြီး ထိုလွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သတင်းထောက်များ၊ ရဟန်းသံဃာများနှင့် တက်ကြွလှုပ်ရှားသူအများအပြားပါဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အေအေပီပီသည် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၈၀ ဦး လွတ်မြောက်စေရန် ကူညီပေးခဲ့သည်။ ထိုသို့လွှတ်ပေးမှုများရှိနေသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များနှင့် သတင်းထောက်များသည် ဆက်လက်ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး နှစ်ငါးဆယ်အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် သမ္မတဦးထင်ကျော်၏ ရာထူးတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် NLD သည် တရားဝင်အာဏာရခဲ့သည်။
သို့သော် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ကန့်သတ်ခံထားရမြဲဖြစ်ပြီး အကျဉ်းထောင်အခြေအနေများမှာ တိုးတက်မလာဘဲ မြန်မာနိုင်ငံတဝှမ်းတွင် နိုင်ငံရေးအကျဉ်းသား များစွာရှိနေခဲ့သည်။
COVID-19 ကပ်ရောဂါကာလအတွင်း အကျဉ်းထောင်များသည် ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။ ဤကာလအတွင်း COVID-19 ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းထောင်များသို့ ထောင်ဝင်စာတွေ့ခွင့်ကို သုံးနှစ်ကြာ ပိတ်ပင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို လုယူခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ရွေးကောက်ခံကိုယ်စားလှယ်များနှင့် NLD အဖွဲ့ဝင်များအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခြင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းတို့သည် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အဆမတန် မြင့်တက်လာစေခဲ့သည်။ တရားဝင်အရပ်သားအစိုးရကို ထောက်ခံသည်ဟု သံသယရှိသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့် အကျဉ်းထောင်များသည် အဖက်ဖက်မှ ပိုမိုဆိုးရွားလာခဲ့သည်။
နွေဦးတော်လှန်ရေးမှစ၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ တိုးပွားလာခြင်းနှင့်အတူ ညှဉ်းပန်း နှိပ်စက်မှု၊ တရားမဲ့ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ ပိုင်ဆိုင်မှုများကို လုယူသိမ်းဆည်းခြင်း၊ မတရားဖမ်းဆီးမှုများအပါအဝင် အကျဉ်းထောင်အခြေအနေများ ယိုယွင်းပျက်စီးလာခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရှာမတွေ့ပါက ၎င်းတို့၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းစသည့် ယခင်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများကို စစ်တပ်က အသုံးပြုလာခဲ့သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စစ်တပ်သည် နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သည့် ကိုကျော်မင်းယု (ခေါ် ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ၎င်းတို့၏မိသားစုထံသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ကြိုးပေးကွပ်မျက်ခဲ့သည်။ စစ်တပ်သည် ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေးခြင်းကို ပြုလုပ်ခဲ့သည့်အပြင် တရားမဲ့ သတ်ဖြတ်မှုများကို နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံအနှံ့ဆက်လက်လုပ်ဆောင်နေသည်။
လက်ရှိအခြေအနေသည် နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကို ဖမ်းဆီးထားပြီး ၎င်းတို့၏ အသက်အန္တရာယ်သည် စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ကြုံတွေ့နေရသည်။ အာဏာသိမ်းမှုစတင်ချိန်မှစ၍ ယခုအချိန်အထိ ဖမ်းဆီးခံရသည် အရေအတွက်သည် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
