မြန်မာနိုင်ငံရှိ အကျဉ်းထောင်အခြေအနေ

ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက် တင်မြှောက်ပြီးသော အရပ်သားအစိုးရမှ အာဏာလွှဲပြောင်းရယူပြီး သည့်နောက် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်လာနေစဉ်တွင် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး၌ အဓိကကျသည့် “အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး”ကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အာဏာကို မတရားလုယူခဲ့သည်မှစတင်၍ တိုးတက် ပြောင်းလဲနေသော အကျဉ်းထောင်တွင်းအခြေအနေများသည် တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့ပြီး ယခုလက်ရှိအချိန်တွင်မူ အလွန်ဆိုးရွားသောအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။

ထိုအခြေအနေများအနက်မှ ဆိုးရွားလှသည်ကို ထပ်ဟပ်နေစေသော ပြယုဂ်တခုမှာ “အကျဉ်းထောင်လူဦးရေထူထပ်ခြင်း”ပင် ဖြစ်သည်။ နွေဦးတော်လှန်ရေးကာလတွင်း စစ်အုပ်စု၏မတရားဖမ်းဆီးမှု များပြားလာသည်နှင့်အလျောက် အကျဉ်းသားများ သည် သင့်တော်လုံလောက်သော နေရာထိုင်ခင်းများကို ရရှိခြင်းမရှိဘဲ ဘေးတစောင်းအိပ်စက်ကြရခြင်း၊ တဦးနှင့်တဦး အလွန်နီးကပ်စွာထိစပ်၍ အိပ်စက်ကြရခြင်း၊ လျှောက်လမ်းများတွင် အိပ်စက်ကြရခြင်းစသည့် ကျပ်သိပ်စွာ နေထိုင်မှုပုံစံများ ဖြင့် ရှင်သန်နေကြရသည်။ ထို့ပြင် တိုက်ပိတ်ပြစ်ဒဏ်ခံစားနေကြရသော အကျဉ်းသားများသည်လည်း အလားတူဖြစ်ရပ်များ ကို ကြုံတွေ့နေကြရသည်။ အကျိုးဆက်အနေဖြင့် ကူးစက်ရောဂါများ ဖြစ်ပွားလာသည်သာမက အတင်းအဓမ္မ ငွေကြေး တောင်းခံမှုများသည်လည်း တနေ့ထက် တနေ့ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားလာလျက်ရှိသည်။ စစ်အုပ်စုက ၎င်းတို့သုံးနှုန်းသည့် “လွတ်ငြိမ်းချမ်းသာ”ဖြင့် အကျဉ်းသားအများအပြားကို လွှတ်ပေးလျက်ရှိသော်လည်း နေ့စဉ်ဖမ်းဆီးမှုများကိုလည်း ဆက်လက်ကျူးလွန်လျက်ရှိ၍ ထောင်တွင်းအကျဉ်းသားဦးရေမှာ များပြားလျက်ရှိဆဲပင်ဖြစ်သည်။

ထိုမျှမက အချို့အကျဉ်းထောင်များသည် ကိုလိုနီခေတ်က တည်ဆောက်ထားခဲ့သည့် အကျဉ်းထောင်များဖြစ်သည့်အတွက် နေထိုင်ရန် သင့်လျော်ခြင်းမရှိဘဲ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်သည့်အခြေအနေမျိုးတွင် အကျဉ်းသားများ၏ အသက်ဘေးအန္တရာယ်ကို ထိခိုက်မှုများ၊ ခြိမ်းခြောက်မှုများဖြစ်ပေါ်လျက်ရှိသည်။

၎င်းပြင် အကျဉ်းထောင်များတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အကျဉ်းသားများ ရရှိခံစားခွင့် မရှိ ပါ။ အကျဉ်းသားများသည် မည်သည့်ရောဂါဖြစ်ပွားနေပစေမူ တူညီသော ဆေးဝါးများကိုသာ ရရှိခြင်း၊ ဆေးဝါးတချို့သည် ရက်လွန်နေခြင်း၊ ဆေးဝါးနှင့်ပတ်သက်၍ ထောင်တွင်း သွင်းရမည့်ဆေးများကိုလည်း ကန့်သတ်ထားခြင်း၊ အရေးပေါ်ဆေးဝါး ကုသမှု လိုအပ်ပါက ထောင်အာဏာပိုင်အဆင့်ဆင့်ကို တင်ပြကြရခြင်း၊ စစ်ကြောရေးစခန်းများကရရှိလာခဲ့သော ဒဏ်ရာများ ကို လုံလောက်သော ဆေးဝါးကုသမှုမပေးခြင်းစသည်တို့ကြောင့် အကျဉ်းသားများသည်ရောဂါများ ပိုမိုဆိုးရွားလာသည် သာမက ထောင်တွင်း သေဆုံးမှုများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။ ၎င်းပြင် ကူးစက်ရောဂါဖြစ်ပွားသည့် အကျဉ်းသားများကို လည်း တခြားအကျဉ်းသားများနှင့်အတူ ထားရှိခြင်းကြောင့်လည်း ကူးစက်မှုတချို့သည်လည်း ဖြစ်ပွားလျက်ရှိသည်။

ထောင်တွင်းအခြေအနေများသည် အကျဉ်းသားများ ခံစားနေရသော ရောဂါများကို ပိုဆိုးစေရုံသာမက ထောင်တွင်း၌ပင် အသက်သေဆုံးရသည့်အထိ ဖြစ်စေပါသည်။

အကျဉ်းထောင်များတွင်း အတင်းအဓမ္မငွေကြေးတောင်းခံမှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။ ထောင် အာဏာပိုင်များက စာရေးသားခွင့်၊ ဈေးဘားထည့်သွင်းခွင့်၊ ပါဆယ်ပို့ခွင့်၊ ဧည့်တွေ့ခွင့်စသည်တို့ကို တရားဝင် ခွင့်ပြုထား သော်လည်း ကန့်သတ်မှုများရှိနေသည်သာမက အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍လည်း လုံလောက်စွာ ရရှိခြင်းမရှိသည့်အပေါ် ငွေကြေးတောင်းခံမှုများဖြစ်ပေါ်လျက်ရှိသည်။

အကျဉ်းထောင်အာဏာပိုင်များက အလုပ်ဘုတ်များအသီးသီးထားရှိ၍ အကျဉ်းသားများအား အလုပ်ခိုင်းစေမှုများရှိနေသော် လည်း လုပ်ခ လစာကို ပေးအပ်ခြင်း မရှိသည်သာမက အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းကို ဆန့်ကျင်ပါက လျှော့ရက်များကို အကျဉ်းသားများက ရရှိခြင်းမရှိပါ။

နွေဦးတော်လှန်ရေးကာလတွင် ထောင်အာဏာပိုင်များက ထောင်ပြောင်းရွှေ့ခြင်းကို လက်နက်သဖွယ်အသုံးပြု၍  အကျဉ်း သားများ၏အခွင့်အရေးတောင်းဆိုမှုများကို ကန့်သတ်ထားလျက်ရှိသည်။ အကျဉ်းသားတချို့ကို ထောင်တွင်း ပြစ်ဒဏ်ပြုလုပ် သည်ဟု ထောင်အာဏာပိုင်များက စွပ်စွဲပြီး ၎င်းတို့မိသားစုနှင့် ဝေးကွာသောအရပ်တွင်ရှိသည့် ထောင်များသို့ ရွှေ့ပြောင်းခြင်း များကို ပြုလုပ်နေဆဲဖြစ်သည်သာမက ထောင်အပြင်ကို ထုတ်၍ သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်ကို နွေဦး တော်လှန်ရေးကာလရှိဖြစ်စဉ်တချို့ကလည်း ထင်ရှားစွာ ပြသလျက်ရှိသည်။