ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

မြန်မာနိုင်ငံသည် စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၆၇၆၅၇၈ စတုရန်း ကီလိုမီတာ (၂၆၁,၂၂၈ စတုရန်းမိုင်) ရှိ၍ အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြောက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ် ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော် တို့ တည်ရှိသည်။

နိုင်ငံတဝှမ်းတွင် မတူညီသော တိုင်းရင်းသားလူမျိုးအများအပြား နေထိုင်ကြသည်။ ၁၈၂၄ ခုနှစ်မှစ၍ ဗြိတိသျှတို့က ကျုးကျော်စစ် ၃ ကြိမ်ဆင်နွှဲခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ လက်အောက်သို့ တနိုင်ငံလုံး ကျရောက်ခဲ့သည်။ ၁၈၄၂ ခုနှစ်အထိ ဗြိတိသျှကိုလိုနီနိုင်ငံအဖြစ် တည်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်နမိတ်မြေပုံကိုလည်း ဗြိတိသျှတို့မှ ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

၁၈၄၂ ခုနှစ်တွင် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့ရပြီး မြန်မာနိုင်ငံသည် ဂျပန်တို့လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၉၄၂ နှစ်မှ ၁၉၄၅ ခုနှစ်အထိ မြန်မာနိုင်ငံအား ဂျပန်တို့ အုပ်ချုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့လက်အောက်မှ ဗြိတိသျှလက်အောက်သို့ တဖန်ပြန်လည်ရောက်ရှိခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုလိုနီနိုင်ငံမှ လွတ်မြောက်ခဲ့ပြီး အပြီးတိုင် လွတ်လပ်ရေးရရှိခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော အစိုးရမှ မြန်မာနိုင်ငံအား ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အုပ်စုမှ အိမ်စောင့်အစိုးရအဖြစ် ယာယီအုပ်ချုပ်ခဲ့ပြီး ၁၉၆၀ ခုနှစ် ဧပြီလတွင် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ဦးနု ဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) ကို အာဏာလွှဲပေးခဲ့သည်။

သို့သော်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို ဝန်ကြီးချုပ်ဦးနုထံမှ အပြီးလုယူခဲ့သည်။ ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ကြေညာပြီး နိုင်ငံရေးပါတီများအားလုံးကို ဖျက်သိမ်းခဲ့သည်။ တိုင်းပြည်ကို စစ်တပ်မှအုပ်ချုပ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် အမြုတေပါတီကို ဖွဲ့စည်းကာ ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဆိုရှယ်လစ်ဖွဲ့စည်းပုံ (၁၉၇၄) ကို လူထုဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့သည်။  ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် စစ်တပ်အသွင်ပြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်ကို ဆက်လက်အုပ်ချုပ်ခဲ့ပြန်သည်။

၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံကြီးက သမ္မတ ၃ ဆက်ကို ဖြုတ်ချနိုင်ခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ဦးဆောင်သည့် စစ်တပ်မှပင် နိုင်ငံတော်အာဏာကို ထပ်မံသိမ်းယူခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွေင် နဝတမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တိုင်းပြည်ကို ၂၀၁၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

၁၉၉၃ မှ ၂၀၀၈ ခုနှစ်အထိ စစ်တပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ စိတ်ကြိုက်ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော  စစ်တပိုင်းအစိုးရက တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တနိုင်ငံလုံးတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ကာ တိုင်းပြည်ကို  ၅ နှစ်တာ အုပ်ချုပ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ထပ်မံအနိုင်ရရှိပြီးနောက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာကို တရားမဝင် လုယူခဲ့သည်။

တပြိုင်နက်တည်းတွင် အာဏာလုစစ်တပ်သည်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် (CPRH) သည် ၂၀၂၀ ရွေးကောက်ပွဲအပေါ် အခြေခံ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့သည်။

ကုလသမဂ္ဂမှ တရားဝင်အသိအမှတ်ပြုထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ

– ဦးဝင်းမြင့် – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ

– ဒေါ်အောင်ဆန်းစုကြည် – နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနဝန်ကြီး

ထို့အတူ စစ်တပ်မှ နိုင်ငံတော်အာဏာလုယူခဲ့မှုအပေါ် လက်မခံသော ကျောင်းသားလူငယ်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်း အမြောက်အများမှ နိုင်ငံတဝှမ်းငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုအား Civil Disobedience Movement (CDM) ဟု ကမ္ဘာက အသိအမှတ်ပြုခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော ပြည်သူလူထုအား အကြမ်းဖက်စစ်တပ်မှ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်း၊ ဖမ်းဆီး၊ သတ်ဖြတ်မှုကြောင့် လူငယ်အများအပြားသည် နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ဖွဲ့စည်းခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်စွဲ (စွဲကိုင်) ခုခံတော်လှန်နေဆဲဖြစ်သည်။

အာဏာလုစစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သည့် ထောင်သောင်းချီသော ပြည်သူများကို ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ယခုထက်တိုင် ပြင်းထန်စွာ ဆက်လက် ကျူးလွန်နေသည်။