အေအေပီပီ ဆိုသည်မှာ

အေအေပီပီ ဟု သိရှိကြသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းသည် လွတ်လပ်၍အမှီအခိုကင်းသော လူ့အခွင့်အရေးအဖွဲ့အစည်း တခုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာစေရေးအတွက်နှင့် ၎င်းတို့ထောင်တွင်းနှင့် အကျဉ်းထောင်မှလွတ်မြောက်လာပြီးနောက် လူမှုဘဝတိုးတက်ရေးများအတွက် ထောက်ခံအားပေးမှုများ နှင့် တိုက်တွန်းလှုံ့ဆော်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအတွက် အေအေပီပီမှ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြည်လည်ထူထောင်ရေး အစီအစဉ်ပြုလုပ်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရနိုင်ဟု မိမိတို့ယူဆပါသည်။ နိုင်ငံရေးအကျဉ်းသားများသည် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု နဲ့ လွတ်လပ်ခြင်းများအတွက် ရုန်းကန်လှုပ်ရှားမှုများအား ကိုယ်စားပြုနေပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက်အစိတ်အပိုင်း တခုအနေဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံးခြွင်းချက်မရှိလွတ်မြောက်ရေးအတွက် ရည်ရွက်ချက်တူ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အေအေပီပီ သမိုင်းကြောင်း

အေအေပီပီ ကို ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ စတင်တည်ထောင်ခဲ့သည်။ ထိုနေ့သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ အတွင်း ထင်ရှားသော ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ၁၉ နှစ်ကြာ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသူ ကိုမင်းကိုနိုင် အဖမ်းခံရသည့်နေ့ဖြစ်သည့်အပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မွေးနေ့လည်းဖြစ်သည်။ ၂၀၀၀ ခုနှစ်မှစ၍ ယနေ့အချိန်အထိ အေအေပီပီသည် မြန်မာနိုင်ငံ အတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အပြောင်းအလဲများနှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံရေးအကျဉ်းသားများစွာကို လွှတ်ပေးခဲ့ပြီး အေအေပီပီဦးဆောင်သူများအား အစိုးရ၏ အမည်မည်းစာရင်းမှ ဖယ်ရှားခဲ့ပြီးဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ရုံးခွဲတခု ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် အေအေပီပီသည် လွတ်မြောက် လာသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ထိရောက်သော အကူအညီပေးရေး အစီအစဉ်များကို ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ (CSRPP) တွင် အေအေပီပီသည် အဓိကအဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သော စစ်အုပ်စု၏ ယုံကြည်ချက်အကျဉ်းသားများရေးရာကော်မတီတွင် အေအေပီပီကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဆောင်ရွက်စေခြင်း မပြုခဲ့ပေ။ သို့ရာတွင် အေအေပီပီသည် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနှံ့ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းများကျင်းပခြင်း၊  အခြေခံပညာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်/ကောလိပ်များတွင် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများကျင်းပခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခဲ့ပါသည်။ လူ့အခွင့်အရေးကော်မရှင်ပြုပြင်ပြောင်းလဲခြင်း၊ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲခြင်း၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲခြင်း၊ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲခြင်းတို့အတွက် သက်ဆိုင်ရာလွှတ်တော်ရေးရာကော်မတီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက်တွင် လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ်တွင် ပြန်လည်အခြေစိုက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ အဆိုပါချိုးဖောက်မှုများကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ စစ်အုပ်စုအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကြိုးပမ်းခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

မျှော်မှန်းချက်

နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်းပေးသော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်ပေးနိုင်‌သော လွတ်လပ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်လာစေရေး။

လုပ်ဆောင်ချက်

အေအေပီပီ ၏ ဦးတည်ချက်မှာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရန်နှင့် ၎င်းတို့အနေနှင့် လူ့အဖွဲ့အစည်းအတွင်း လွယ်ကူချောမွေ့စွာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားတို့၏ အသံများကို တန်ဖိုးထား၍ ခံစား နားဆင်ပေးကြောင်းသေချာစေကာ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ၎င်းတို့ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့်ကို အကာအကွယ်ပေးရန် အလေးထားရည်စူးကာ မိမိတို့၏ လုပ်နိုင်မှုစွမ်းရည်များကို နှစ်မြှုပ်ထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ/ လူ့အခွင့်အရေးအကြောင်းအသိပေးလှုံ့ဆော်သူများ၊ မြန်မာနိုင်ငံသူ/နိုင်ငံသား အားလုံးအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှ အကာအကွယ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် အခိုင်အမာ ကတိပြုပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရည်ရှိပြီး ယုံကြည် စိတ်ချရသော သတင်းအချက်အလက် အရင်းအမြစ်တစ်ခုအဖြစ် ရပ်တည်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စနစ်တကျ မှတ်တမ်းတင်ပြုစုပြီး၊ စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းကာ ထိရောက်စွာ ဖော်ဆောင်နိုင်ရန်ကြိုးစား လုပ်ဆောင်လျက်ရှိသည်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာက ပိုမိုသိရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတကာအဆင့်တွင် စည်းရုံးလှုံ့ဆော်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို လူတိုင်းလေးစားလိုက်နာရန်နှင့် စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်သည်။

အေအေပီပီသည် ပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာယုံကြည်သည်။ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးမည့် ထိရောက်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု မူဝါဒများနှင့် အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရန်အတွက် အရပ်ဖက်၊ ဒေသန္တရ၊ နိုင်ငံတကာအပါအဝင် သက်ဆိုင်သူများနှင့် တက်ကြွစွာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ခြွင်းချက်မရှိ လေးစားကာကွယ်နိုင်သည့် အနာဂတ်ကို မျှော်မှန်းထားသည်။

ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ

ရည်မှန်းချက် ၁။ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ လူ့အဖွဲ့ အစည်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဖြင့် ကူညီပေးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်း ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့်ရရှိစေရန်။

၁.၁။ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် နစ်နာခံစားရသူများ/ရှင်သန်ကျန်ရစ်သူများနှင့် ၎င်းတို့၏မိသားစုများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ကူညီထောက်ပံမှုများကို ဆောင်ရွက်ခြင်း။

၁.၂။ စိတ်ဒဏ်ရာခံစားခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အခြားထိခိုက် လွယ်သူများ၊ အရပ်သားများအား (ကောင်ဆယ်လင်း) စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး နှစ်သိမ့်ဆွေးနွေးမှုကိုပေးကာ စိတ်ကျန်းမာရေး မူဝါဒ ရေးဆွဲရန်အတွက် သက်ဆိုင်သူများ၊ အခြားစိတ်ပါဝင်စားသည့် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် လက်တွဲ ဆောင်ရွက်ခြင်း။

၂.၁။ ဖယ်ကြဉ်ခံထားရသော ကိုယ်စားပြုပုဂ္ဂိုလ်များ၊ အမျိုးသမီးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူငယ်များ အစရှိသည်တို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများအား လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု သင်တန်းများကို စီစဉ်ဆောင်ရွက်ခြင်း။

၃.၁။ နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းထောင်အခြေအနေများ၊ စစ်အာဏာရှင်များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ် မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်ခြင်း။

၃.၂။ စောင့်ကြည့် မှတ်တမ်းတင်ခြင်းနှင့်အတူ နိုင်ငံတကာဥပဒေများကို ခွဲခြမ်းစိတ်ဖြာခြင်းက ဖော်ထုတ်သတ်မှတ်ထားသော ခေတ်ရေစီးကြောင်းများအပေါ် အခြေခံ၍ နိုင်ငံရေးအကျဉ်းသားနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ ပြဿနာများနှင့် သက်ဆိုင်သည့် အကြောင်းအရာအလိုက် သုတေသနပြုထားသော အစီရင်ခံစာများနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို  ထုတ်ဝေခြင်း။

၄.၁။ ပြည်တွင်းရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ယန္တရားများနှင့်အတူ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်သူများ၏ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ကို အဆုံးသတ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုယန္တရားများကို လုပ်ဆောင်ခြင်း။

၄.၂။ ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုရန် နိုင်ငံရေးဖိအားများပေးခြင်း နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပြည်တွင်းရှိ သက်ဆိုင်သူများက လေးစားလိုက်နာရန် နိုင်ငံတကာ ပါဝင်သက်ဆိုင်သူများကို စည်းရုံးလှုံ့ဆော်ခြင်း။

၅.၁။ အကျဉ်းထောင်အခြေအနေများ၊ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးမူဝါဒနှင့်အတူ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ၊ အသင်းအဖွဲ့ဆိုင်ရာ၊ ဥပဒေပြဌာန်းရေးဆိုင်ရာ၊ မူဝါဒဆိုင်ရာ မူဘောင်များနှင့် ပတ်သက်၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့်နိုင်ငံတကာ သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။