အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ

အကျဉ်းကျနေစဉ်အတွင်း အကျဉ်းသားများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်နှင့် အတင်းအကြပ်ဝန်ခံလာစေရန်အတွက် ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းများကို ထောင်အာဏာပိုင်များက ကျင့်သုံးနေဆဲဖြစ်သည်။  ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပါဝင်သည်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် ထောင်အာဏာပိုင်များက အမျိုးသမီးနှင့် အမျိုးသားအဆောင်များရှိ အခန်းများအတွင်း၌ CCTV များ တပ်ဆင်ထားခြင်း၊ ညအချိန်တွင် အမျိုးသမီးအဆောင်အတွင်းသို့ အမျိုးသားဝန်ထမ်းများက လာရောက် စစ်ဆေးခြင်းအစရှိသည့် လုပ်ရပ်များကြောင့် စိတ်မလုံခြုံမှုများကို အကျဉ်းသားများ ခံစားနေကြရဆဲဖြစ်သည်။ ထို့ပြင် အကျဉ်းသားများသည် အော်ဟစ်ဆဲဆိုခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းစသည်တို့ကိုလည်း နေ့စဉ် ရင်ဆိုင်နေကြရသည်။

ထောင်တွင်းပြစ်ဒဏ်ကျူးလွန်သည်ဟု ယူဆခြင်း၊ စွပ်စွဲခြင်းများအတွက် ထောင်အာဏာပိုင်များ၊ ဝန်ထမ်းများ၊ ဝါဒါများက အကျဉ်းသားများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ကျဉ်စက်များအသုံးအပြုခြင်း၊ ထိုးကြိတ် ကန်ကျောက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည်။ ထို့ပြင် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေရန် “ထောင်တွင်းပုံစံထိုင်” သည့်စနစ်ကိုလည်း ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။ 

ထို့ပြင် အကျဉ်းထောင်၏ရှာဖွေရေးပုံစံများကလည်း လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးမှုကို သွယ်ဝိုက်သောအားဖြင့် ဖြစ်ပေါ်စေသည်။ အကျဉ်းသားများသည် တဆောင်နှင့် တဆောင်သွားရောက်ရသည့်အချိန်များတွင်သော်လည်းကောင်း၊ တရားရုံးသို့သွားရောက်ရာတွင်သော်လည်းကောင်း၊ တရားရုံးမှအပြန် အကျဉ်းထောင်အတွင်း ဝင်ရောက်ရာတွင် သော် လည်းကောင်း အဝတ်အစားများအပေါ်နှင့် အောက်မှ ခန္ဓာကိုယ်ကို ထိတွေ့ ကိုင်တွယ်စမ်းသပ်ခံရခြင်းနှင့် ကာယအိန္ဒြေကို ထိပါးစေသည့် မထိသင့်၊ မကိုင်သင့်သည့် နေရာများကို နည်းမျိုးစုံဖြင့် စမ်းသပ်ခံရခြင်းတို့ကို ရင်ဆိုင်နေကြရသည်။