⁨⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၃၁ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၃၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၃၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၈၅၂) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၆၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဆိုးရွားပြင်းထန် သော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိရာ ဩဂုတ်လအတွင်းတွင် လည်း ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းတို့ကို ကျူးလွန်ခဲ့ သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နှောပင်၊ ကျွန်းပေါ်နှင့် ကျောက်ကုန်းကျေးရွာများရှိ အရပ်သားနေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့သည်သာမက စုန်းချောင်းကျေးရွာမှ အမျိုးသား ၁၀ ဦး ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိကျေးရွာများကို စစ်ကြောင်းထိုး ခဲ့သည်သာမက လေကြောင်းဖြင့်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ကနီမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှ ကျေးရွာပေါင်း ၃၀ ထက်မနည်းမှ ဒေသခံထောင်ပေါင်းများစွာသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးတွင်း ကာလဖြစ်သည့်အတွက် အမိုးအကာနှင့် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း မြေပြင်သတင်း အချက်အလက်များအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩