⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၁၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၅၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၃၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၀) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက်ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ၏ ထောင်တွင်းအခြေအနေများသည် ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး အကျဉ်းသားများရရှိရမည့် အနိမ့်ဆုံးစံနှုန်းများကိုပင် ရရှိခြင်းမရှိဘဲ နည်းလမ်းမျိုးစုံဖြင့် ချိုးဖောက်ခြင်းခံနေကြရသည်။ ၂၀၂၆ ခုနှစ်အတွင်း အကျဉ်းထောင်များ၌ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား (၇) ဦး သေဆုံးခဲ့သည်။

နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သော ဦးစိုးမိုးနိုင် (ခ) ဦးစိုးနိုင် (ခ) ဦးဒိန်းဒေါင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထား ရစဉ် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားခဲ့ရသော်လည်း လုံလောက်သောဆေးဝါးကုသခွင့် မရရှိခဲ့ပါ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းသည် ရောဂါအခြေအနေ ပိုမိုပြင်းထန်လာခဲ့ပြီး ယင်းနေ့ ညပိုင်း အချိန်၌ သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩