⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၃ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၂၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၆၃၂) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၆၄၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၉၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်လျက်ရှိသည့်အပြင် တဘက်တွင်လည်း အရပ်သားပြည်သူများအား ဦးတည်၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်မှုများကို ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်။

စစ်အုပ်စုသည် ၎င်းတို့၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် မန္တလေးတိုင်းအတွင်းရှိ သပိတ်အဖွဲ့အသီးသီးမှ တက်ကြွလှုပ်ရှားသူ (၉) ဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ၎င်းတို့အား ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။

၎င်းပြင် လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် ရေဘေးနှင့်ရင်ဆိုင်နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကိုလည်း ဗုံးကြဲ ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၄) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩