နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုရေး ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံရေးအကျဉ်းသားတွေအတွက် တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ ပါဝင်မယ့်ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် ဓမ္မပီယကျောင်းတိုက်မှာကျင်းပဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။

ဒီအစီအစဉ်ကို လာမယ့် ဩဂုတ်လ ၁၇ နဲ့ ၁၈ ရက် နှစ်ရက်တာပြုလုပ်မှာ ဖြစ်တဲ့အကြောင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာရှိတဲ့ အကျဉ်းသားနဲ့ပတ်သက်ပြီး လုပ်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေ နောက်တခြား နိုင်ငံတကာပညာရှုင်တွေပေါ့၊ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုမျိုးတွေကို သတ်မှတ်သင့်သလဲဆိုတာကို စုပေါင်းဆွေးနွေးကြမှာပါ

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြစ်မှုပြစ်ဒဏ်အမျိုးမျိုးနဲ့ ချမှတ်ထားတဲ့အတွက် ရာဇဝတ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူခံထားရတာရှိသလို၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတွေကိုလဲ နိုင်ငံရေးလှုပ်ရှားသူတွေကို ချမှတ်လေ့ရှိတဲ့ပုဒ်မတွေနဲ့ အရေးယူထောင်ချတာတွေရှိတဲ့အတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးကို နိုင်ငံရေးအကျဉ်းသား အဖြစ် ခေါ်ဝေါ်သတ်မှတ်မလဲဆိုတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာ ဝိဝါဒကွဲပြား မှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီရော မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပါ ကိုက်ညီနိုင်မယ့် တိကျတဲ့အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သိရပါတယ်။

အင်တာဗျူး အသံဖိုင်နားထောင်ရန်