၂၀၂ဝ အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၉၀ဝ ခန့်ရှိဟု AAPP ဆို

၂၀၂၀ အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၉၀၀ ခန့်ရှိကြောင်းနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။

 

အဆိုပါ ဖမ်းဆီးခံရသူများ သည် အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော်တို့မှ စွဲဆိုခံထားရသူများဖြစ်ကြောင်း AAPP က ဆိုသည်။

၂၀၂၀ ဇန်နဝါရီမှ ဒီဇင်ဘာအထိ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်း သားများ စာရင်းပြုစုရာတွင် ဖမ်းဆီးခံရသူ စုစုပေါင်း ၈၉၉ ယောက် ရှိခဲ့ပြီး တရားစွဲဆိုခံရသူ စုစုပေါင်း ၂၇၀၊ ပြစ်ဒဏ်ပေးခံရသူ စုစု ပေါင်း ၂၀၁ ယောက်ရှိခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူ ၂၉၂ ယောက်ရှိပြီး လက်ရှိတွင် ထောင်ကျဦးရေ ၄၂ ယောက် ရှိသည်ဟု AAPP မှတ်တမ်းများ က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ရခိုင်ဒေသမှ အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရသူများသည် အကြည်ညိုပျက်စေမှု ပုဒ်မများ၊ အကြမ်းဖက်တိုက်ဖျက်မှုပုဒ်မများ၊ ငြိမ်းစုစီနှင့်ပတ်သက်သည့်ပုဒ်မများ၊ လယ်သိမ်းယာသိမ်းကိစ္စနှင့်ပတ်သက်ပြီး တရားစွဲဆိုထောင်ကျခဲ့ရသူများဖြစ်ကြောင်း AAPPပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုး ကျော်က ပြောသည်။

‘‘ဒါက အရေအတွက်များခြင်း၊ နည်းခြင်းက အဓိကပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘာကြောင့် ရှိနေလဲဆိုတာကို ဖြေရှင်းသင့်တယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ သွားနေတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားမရှိသင့်ပါဘူး’’ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရ၊တပ်မတော်နှင့် အဖွဲ့အစည်းတစ်ခုခုကို ဝေဖန်ထောက်ပြသည်ဆိုပါက ထောက်ပြသည့်အချက်ကို ဖြေရှင်းရန် မကြိုးစားကြဘဲ တရားစွဲဆို ထောင်ချသည့်ကိစ္စ လုံးဝ မဖြစ်သင့်ကြောင်း AAPP က ထောက်ပြသည်။

အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကိစ္စနှင့် ပတ်သက်ပြီး အဖြေရှာဆောင်ရွက်ရန်နှင့် ခြွင်းချက်မရှိ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရန် AAPP က တောင်းဆိုသည်။

7 days news မှကူးယူဖော်ပြသည်။