အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ထုတ်ပြန်ချက်
ရက်စွဲ။ ။ စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်
စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှုလျော့နည်းနေခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ ယနေ့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင် အုပ်ချုပ်မှုတို့ကို ပြန်လည် အမှတ်ရမိစေပါသည်။ မျက်မှောက်ကာလထိတိုင်အောင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသူများသည် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရ သည်။
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့၏ အမှုမှလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးတွင် ကန့်သတ်မှုများရှိနေသည်ကို ထုတ်ဖော်ပြသနေသည်။ သတင်းသမားကို ဖိနှိပ်ရန်နှင့် ခြိမ်းခြောက်ရန်အတွက် ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို အသုံးပြုခြင်းသည် ဒီမိုကရေစီ သဘောတရားနှင့် ကွဲလွဲဆန့်ကျင်လျှက်ရှိသည်။ ၁၉၄၈ ခုနှစ်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်းထားသည်။ နှစ်ပေါင်း ၇ဝ ရှိသည့်တိုင်အောင် ထိုအခွင့်အရေးသည် ခြိမ်းခြောက်ခံနေရဆဲဖြစ်သည်။
အခြေခံကျသော အခွင့်အရေးများကို နိုင်ငံသားအားလုံး ရရှိစေရန်အတွက် စစ်အစိုးရဟောင်းများမှ အသုံးပြု လေ့ရှိသော ဖိနှိပ်ထားသည့် ဥပဒေများကို ရုတ်သိမ်းရမည်ဖြစ်သည်။ အောက်ဖော်ပြပါ ဥပဒေများသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေခြင်းကြောင့် ရုပ်သိမ်းရန် လိုအပ်နေသည့် ဥပဒေများ ဖြစ် သည်။
- ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သည် လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသူများအပေါ် ပစ်မှတ်ထား၍ အသုံးပြုလေ့ရှိသော ဥပဒေဖြစ်သည်။ ၎င်းဥပဒေဖြင့် တရားစွဲဆိုခံရပါက ပြစ်ဒဏ်ချမှတ်မှုနှုန်းသည် ရာနှုန်းပြည့်ဖြစ်သည်။
- ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စု၊စီ) သည် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြမှုများကို ဖိနှိပ်ရန်အတွက် အသုံးပြုလေ့ရှိသည့် ဥပဒေဖြစ်သည်။
- ၁၉၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (က) နှင့် (ခ) တို့သည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများပေါ် တရားစွဲဆိုနိုင်ရန် တွင်ကျယ်စွာ အသုံးပြုလေ့ရှိသည့် ဥပဒေ ဖြစ်သည်။
- ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နှင့် (ခ) တို့သည် သတင်းများ ထုတ်ပြန်ကြေညာခြင်း သို့မဟုတ် ဖြန့်ချီခြင်းတို့ပြုလုပ်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုနိုင်ရန် အသုံးပြုလေ့ရှိသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းကို ရှေ့ဆက်လှမ်းနိုင်ရန်အတွက် ထိုဥပဒေများကို ရုပ်သိမ်းရမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည် ဒီမိုကရေစီ၏ အခြေခံကျသော အုတ်မြစ်ဖြစ်သည့်အတွက် ယင်းတို့ကို လေးစား လိုက်နာရန်လည်း တိုက်တွန်းပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀
အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁၇ ၃၄၈

