စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၃၅) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၈၈၇) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၉၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

စက်တင်ဘာ ပထမပတ်အတွင်းတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများနေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း စသည့် နည်းလမ်းမျိုးစုံသုံးကာ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်လျက်ရှိသည်။ စက်တင်ဘာ ၁ ရက်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လူနေရပ်ကွက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးများအပါအဝင် ဒေသခံ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ အဆိုပါနေ့၌ပင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်အုပ်စုက သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့သည်။

အလားတူ စက်တင်ဘာ ၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် သက်ကြီးဇနီးမောင်နှံ နှစ်ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့တွင်လည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်း အချက်အလက်များအရ သိရှိရသည်။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာဥပဒေများကို လေးစား လိုက်နာမှုမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်လျက်ရှိသည်ကို ၎င်းတို့နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသော ဆိုးရွားလှသည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များက အထင်အရှား မီးမောင်းထိုး ပြလျက်ရှိသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩