စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာ ၁ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၇၆) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၀၃၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၉၁၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၇၉) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက် စစ်အုပ်စုကြောင့် ငါးဦးနှင့် ငါးဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်များတွင် အမျိုးသမီး (၁၄၅) ဦးနှင့် အမျိုးသား (၁၈၀) ဦး၊ စုစုပေါင်း (၃၂၅) ဦးကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက်ကလေး (၇၀) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူ (၃၂၅) ဦးအနက် ရခိုင်ပြည်နယ်၌ (၈၉) ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၌ (၆၆) ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်။ သေဆုံးသူများအနက် (၂၇၄) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဖြူးမြို့နယ်၊ ဘုတ်စုခင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၈ နှစ်အောက်ကလေး တဦး အပါအဝင် ပြည်သူခြောက်ဦးတို့သည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩