စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၂၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၆၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၄၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၅၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၂၇) ဦး၊ စုစုပေါင်း (၅၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် သုံးနှစ်အရွယ် ယောက်ျားလေးတဦး အပါအဝင် အသက် ၁၈ နှစ်အောက်ကလေး (၉) ဦး ပါဝင်သည်။ သေဆုံးရသည့်အကြောင်းအရင်းများမှာ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် (၅၃) ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂) ဦး၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁) ဦးနှင့် သေနတ်ဖြင့် ပစ်သတ်ခံရသူ (၁) ဦး တို့ ဖြစ်ကြသည်။
စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးကိုင်းကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းတခုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် သက်ကြီးအမျိုးသမီးနှင့် ၎င်း၏သမီးဖြစ်သူ တို့သည် ကျည်စထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
