စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဧပြီလ ၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၁၀) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁၀) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၈၀) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၁) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၈၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၅၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၄၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
မြန်မာပြည်သူများသည် တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစားနေကြရ သည်။ အာဆီယံသည် ၎င်း၏ စုစည်းတည်ရှိမှု နှင့် ကမာ္ဘ့နိုင်ငံများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ တွင် အာဆီယံ၏ ခိုင်မာကျစ်လျစ်သော ဦးဆောင်မှုကဏ္ဍကို ထိန်းထားရန် ရည်ရွယ်သည်။ မြန်မာပြည်တွင်း ဖြစ်ပွားဆဲ ဖြစ်သော လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများ၌ ကြားဝင်စွက်ဖက်မှု နှင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းသည် အာဆီယံ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ ကြားဝင်စွက်ဖက်ခြင်း မရှိသည့် မူဝါဒသည် အကြမ်းဖက်စစ်အုပ်စုမှ ထိန်းသိမ်း ချုပ်နှောင်ထားသူများကို ညှဉ်းပန်း နှိပ်စက်ခြင်း သို့မဟုတ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များ၏ ပုံကို တက်တူးထိုးထားခြင်းအား ဖြတ်တောက် ဖျက်ဆီးပစ်ခြင်း တို့ကို ခွင့်ပြုထားခြင်းမဟုတ်ပါ။ အာဆီယံပဋိဉာဏ်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက တုံ့ပြန်မှုပေးရ မည်ဖြစ်ပြီး ထိုရာဇဝတ်မှုများအား ကြားဝင် စွက်ဖက်မှုမရှိခြင်းက အာဆီယံ၏ ဂုဏ်သိက္ခာ နှင့် ယုံကြည်ကိုးစားမှုကို ထိခိုက်စေမည်ဖြစ်သည့်အပြင် ကမာ္ဘ့အလယ်တွင် ဂုဏ်သရေ နှင့် သံတမန်ရေးရာတို့အပေါ်တွင်လည်း များစွာ ထိခိုက်စေ နိုင်မည် ဖြစ်သည်။
ယနေ့ (ဧပြီလ ၆ ရက်) တွင် အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများမှ မန္တလေး ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို လူစုနေချိန်၌ ဖြိုခွင်းခဲ့၍ တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဆရာဝန် (၄) ဦး ဖမ်းဆီးခြင်းခံခဲ့ရ သည်။ ထို့ပြင် ဆိုင်ကယ်များ နှင့် လက်ကိုင်ဖုန်းများလည်း သိမ်းဆည်းခြင်းခံခဲ့ရသည်ဟု သိရှိရသည်။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ထိုင်သပိတ်ကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး အလုံး ၂ဝ ကျော်အား လူထုအတွင်းသို့ ပစ်သွင်းကာ ဖြိုခွင်းခဲ့သည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်မှုကိုလည်း သေနတ်ဖြင့် ပစ်ခတ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့ သည်။
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၌ ယမန်နေ့ ညအချိန်ထိတိုင် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ပြည်သူ နှစ်ဦး ထပ်မံ ကျဆုံးသွားခဲ့ သည်ဟု သိရှိရသည်။ ယမန်နေ့ ညအချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ လမ်းသွားလမ်းလာများကို ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်း၌ရှိနေသည့် အမျိုးသမီး တစ်ဦး၏လက်မောင်းကို ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်သည်ဟု သိရှိရသည်။
ဖမ်းဆီးမည့်သူကို ရှာဖွေတွေ့ရှိခြင်းမရှိသည့်အတွက် မိသားစုဝင်များကို ဓားစာခံအဖြစ် ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီး သွားခြင်းများကိုလည်း အကြမ်းဖက် စစ်အုပ်စုမှ ပြုလုပ်လာလျှက်ရှိသည်။ ယနေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ္ပန် ရပ်ကွက်၌ အစ်ကိုဖြစ်သူကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် ညီဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။ ၎င်းပြင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီသပိတ်စစ်ကြောင်း၌ ဦးဆောင်သူအနေဖြင့် ပါဝင်ခဲ့သည့်အတွက် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် အသက် ၂ နှစ် နှင့် ၁၃ နှစ် အရွယ် ကလေး နှစ်ဦးအပါအဝင် ၎င်း၏ မိသားစုဝင် ခြောက်ဦးကို ဓားစာခံအဖြစ် ယမန်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
ဖမ်းဆီးထားချိန်တွင်း သေဆုံးသွားမှုများကို ရက်ဆက်ဆိုသလို တွေ့ရှိလာရခြင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ယမန်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆန္ဒထုတ်ဖော်ချိန် ဖမ်းဆီးခြင်းခံခဲ့ရသော အမျိုးသား တစ်ဦးသည် ယမန်နေ့ ညပိုင်းက ဒဏ်ရာဒဏ်ချက်များဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ယနေ့နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် ပါတီ၊ သတင်းဌာန၊ ပရဟိတ ရုံးခန်းများ၊ ဆေးရုံများပါမကျန် ဝင်ရောက်စီးနင်း၍ ဖျက်ဆီးမှု များပြုခဲ့ရာမှ ယခုအခါ ဘာသာရေးအဆောက်အဦးများ၊ ဆေးပေးခန်းများကိုပါ ဝင်ရောက် ရှာဖွေ၍ ဖမ်းဆီးမှုများ ပြုလုပ် လာခဲ့သည်။ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းကို စစ်သားအလုံးအရင်းဖြင့် ဝင်ရောက် ရှာဖွေခဲ့ပြီး ပရဟိတဆေးခန်းမှ ဆရာဝန်များအပါအဝင် ကိုးဦးကို ဖမ်းဆီးသွားခဲ့သည်။ ယင်းအပြင် အရေးပေါ် ဆိုင်ရာ ဆေးပစ္စည်းကိရိယာများ၊ လမ်းလုံခြုံရေးအတွက် တပ်ဆင်ထားသော CCTV ဆက်စပ်ပစ္စည်းများ နှင့် အခြား ပစ္စည်းများကိုပါ သယ်ယူသွားသည်ဟု သိရှိရသည်။ ယမန်နေ့ ညနေပိုင်းအချိန်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့သည်။ ၎င်းပြင် ဧပြီလ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း သုံးခုကို မသင်္ကာသဖြင့်ဆိုကာ ဝင်ရောက်စီးနင်း၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း မြန်မာဘာသာဖြင့် Total Detention, Charge Lists_Burmese (Last Updated on 6 April 2021)
ကျဆုံးသူများစာရင်းမြန်မာဘာသာဖြင့်Fatality list for April 6, 2021 1(Burmese Final)
လွတ်မြောက်သူများစာရင်း မြန်မာဘာသာဖြင့်Total Released Lists_Burmese (Last Updated on 6 April 2021)


