စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၄၇) ခုထက်မနည်းရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့ (ဧပြီ ၂၂)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေး သည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၈၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၂၉၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၉၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်များမှ ဧပြီလ ၂ဝ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် မီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုနေမျိုးဦးကို ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ကိုနေမျိုးဦးသည် ၎င်း၏မိသားစုအား အခြားကျေးရွာသို့ စစ်ရှောင်ရန်အတွက်ပို့ဆောင်ခဲ့ပြီး ပြန်လာစဉ် ကင်းပုန်းနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ဧပြီလ ၂ဝ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုမှ ကားဖြင့်တိုက်၍ ဖြိုခွင်းပြီး ဖမ်းဆီးမှုပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) အဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ဖမ်းဆီးခြင်းခံခဲ့ရသူ နှစ်ဦးမှာ CTUM ၏ ဆက်သွယ်ရေးဌာနမှ ဌာနမှူး ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုးနှင့် အဖွဲ့ဝင် ဒေါ်အိဖြူဖြူမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for April 22, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-22-Apr-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-22-Apr-2022