စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၅) ဦး၏ အချက်အလက်များကို ယနေ့(နိုဝင်ဘာ ၁၈) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၇၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၃၉၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၉၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ရှိ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ဦးညီခင်ကို အကြမ်းဖက်စစ်အုပ်စုမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီးနောက် ဖယ်ခုံမြို့ရှိ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ချုပ်နှောင်ပြီး ညှဉ်းပန်းနှိပ်စက်၍ စစ်ကြောခဲ့သောကြောင့် ဦးညီခင်မှာ ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာကျေးရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျောင်းဆရာ ဦးဇော်မင်းအောင်နှင့် အရပ်သား တစ်ဦးတို့ကို အကြမ်းဖက်စစ်အုပ်စုမှ ယမန်နေ့ (နိုဝင်ဘာ ၁၇) နံနက် ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်သောကြောင့် ဦးဇော်မင်းအောင်မှာ ယင်းနေ့ ညနေ ၅ နာရီတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကျောင်းဆရာ ဦးဇော်မင်းအောင်နှင့် အရပ်သားတစ်ဦး တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် အဆက်သွယ်ရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for November 18, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-18-November-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-18-November-2021
