စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ အောက်တိုဘာလ ၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ အချက်အလက်များကို ယနေ့ (အောက်တိုဘာ ၂)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၅၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၄၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၃၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပျဉ်းမနားမြို့ခံ ကိုရန်ပိုင်သည် စစ်ကြောရေးတွင် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် နေပြည်တော်ကုတင် ၁၀၀ဝ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ (အောက်တိုဘာ ၁) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုရန်ပိုင်သည် ၎င်းတိမ်းရှောင်နေသည့် ပျဉ်းမနားမြို့ရှိ နေအိမ်၌ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် နားတစ်ဖက်အကြားအာရုံ ဆုံးရှုံးသွားခဲ့ခြင်း၊ ခြေဆစ်၊ လက်ဆစ်များရိုက်ချိုးခံခဲ့ရခြင်းတို့အပြင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းစဉ် ကြောက်လန့်၍ ထွက်ပြေးသော ဒေသခံရွာသားများကို လိုက်လံပစ်ခတ်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံရွာသား ငါးဦးမှာ လယ်တောအတွင်း ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကျဆုံးသွားခဲ့သူများမှာ အသက် ၅ နှစ်အရွယ် မမျိုးသန္တာလှိုင်၊ ကိုထွန်းစီ၊ ကိုအောင်ဦး၊ ဦးပုချို နှင့် ဒေါ်ပုတို့ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 2, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-2-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-2-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-2-October-2021
