စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဩဂုတ်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် နှင့် မုံးကိုးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တို့မှ အပြစ်မဲ့ပြစ်သူ (၁၂) ဦးတို့၏ အချက်အလက်များကို ယနေ့ (ဩဂုတ် ၃၀) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၃၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၀၃၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မတ်လကတည်းက ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခြင်းခံထားရသော ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ချုပ်နှောင်ခြင်းခံထားရသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ကိုမျိုးမင်းသန့် (ခ) သားငယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံထားရသောကြောင့် ညောင်ရွှေအကျဉ်းထောင်မှတစ်ဆင့် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့ (ဩဂုတ် ၂၉) တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအနီးအခြေစိုက်သည့် ခလရ ၅၈ တပ်ရင်းမှ တပ်သားများက မဒိန်ကျေးရွာသား ဦးလုံဘန်ခေါဇုံးကို ဩဂုတ်လ ၂ရ ရက်နေ့ ညအချိန်၌ ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ဦးလုံဘန်ခေါဇုံးသည် မဒိန်ကျေးရွာအထွက် လယ်တောကိုသွားရာမှ အိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ဩဂုတ်လ ၂၆ ရက်၊ နံနက် ၃ နာရီခန့်ကတည်းက အကြမ်းဖက်စစ်အုပ်စု၏ တပ်များ စတင်ဝင်ရောက်စီးနင်း၍ တပ်စွဲထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံရွာသားများကို တောနင်းရှာဖွေကာ လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၂ရ ရက်နေ့တွင် တိမ်းရှောင်ရင်း ကျေးရွာအနောက်ဘက် တဲအတွင်း၌ ထမင်းစားနေသော မောင်နှမ နှစ်ဦးသည် စစ်သားများနှင့်တွေ့၍ ကြောက်လန့်ကာ ထွက်ပြေးရာမှ ပစ်ခတ်ခြင်းခံခဲ့ရပြီး အစ်ကိုဖြစ်သူ ကိုမိုးဆွေဦးမှာ ဝမ်းဗိုက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး နှမဖြစ်သူမှာ လက်မောင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ ကပေါင်းကျကျေးရွာအတွင်း စီးနင်းဝင်ရောက်သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ကိုဇော်မင်းလေးနှင့် ကိုဟိန်းဇာ၊ နောက်တစ်ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုကျော်နိုင်လင်း (ခ) ဂျပန်၊ ကိုဖိုးကြီး နှင့် ကိုပူစီတို့မှာ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကျေးရွာသချႋုင်း၌ ဒေသခံများမှ တွေ့ရှိရကြောင်း သိရှိရသည်။ ကိုဇော်မင်းလေး၏ရုပ်အလောင်း၌ နားထင်တွင် သေနတ်ဒဏ်ရာ၊ ကိုပူစီလေး၌ ရင်ဘတ်ပွင့်ဒဏ်ရာတို့ကို တွေ့ရှိရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် နမ့်ဟာကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံလေးဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အိုက်အူး၊ အသက် ၁ဝ နှစ်အရွယ် မောင်အောင်ခိုင်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်အီမောန်း နှင့် အသက် ၈၂ နှစ်အရွယ် ဒေါ်အီမိုး တို့ကို ထိမှန်ကာ ကျဆုံးသွားခဲ့ရကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာကျဆုံးသူများစာရင်း Recent Fatality List for August 30, 2021 (Burmese) (MP)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-30-August-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Under-Sentenced-List-Last-Updated-on-30-August-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Bail-Release-Lists-Last-Updated-on-30-August-2021
