စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့ (ဩဂုတ် ၂၈) တွင် ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၁၀၂၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၀၀၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၂၅ ရက်နေ့က ပစ်ခတ်ခဲ့သော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်သည် ဩဂုတ်လ ၂ရ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေါက်ကွဲခဲ့သည့်အတွက် အရပ်သား တစ်ဦးဖြစ်သူ ဦးလှယ်ဘိတ် (Pu Hlei Bik) သည် နေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး အရပ်သား ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဦးလှယ်ဘိတ် (Pu Hlei Bik) ၏ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဆလိုင်းအုပ်လျန်ကမ်သည် ဟားခါးဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာအုပ်စု၊ ဂုဏ်တန်ကျေးရွာမှ ဒေသခံရွာသား ကိုရန်အောင်စိုးကို ၎င်း၏အိမ်အတွင်း၌ လက်နက်ရှိသည်ဟု စွပ်စွဲပြီး စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်မှ ဩဂုတ်လ ၂၆ ရက်နေ့၊ ည ၉ နာရီခန့်တွင် ဂုဏ်တန်သချႋုင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပစ်သတ်ခဲ့သည်ဟု သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၂၇) ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မစုမာကို အကြမ်းဖက်စစ်အုပ်စုမှ အင်အားအများအပြားဖြင့် နေအိမ်၌ လာရောက်ရှာဖွေရာ မတွေ့သောကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးခင်မောင်ထွေး၊ သမီးဖြစ်သူ နှင့် ဧည့်သည်တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဇော်မိုးထက် (ခ) ဂွမ်ကြီးကို ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ တအုံကျေးရွာအထက်တန်းကျောင်းမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် အထက်တန်းကျောင်းဆရာ ဦးဆွေထူးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး CDM ပြုလုပ်နေခြင်းကို ဒူးထောက်ဝန်ခံခိုင်းခဲ့ကြောင်း သိရှိရသည်။ အထက်တန်းကျောင်းဆရာ ဦးဆွေထူးကို ပလိုင်းကျေးရွာ၊ ဓမ္မစကူးလ်ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်သားများ၏ရှေ့တွင် ဒူးထောက်ဝန်ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 28, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-28-August-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-28-August-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-28-August-2021