စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့ (ဩဂုတ် ၁၆) တွင် ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂၆) ဦးတို့၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၉၉၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၁၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ပဲခူးအကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးညွန့်ရွှေသည် အကျဉ်းထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံခဲ့ရပြီး ပဲခူးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ (ဩဂုတ် ၁၆) နံနက်အစောပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အရပ်သား တစ်ဦးဖြစ်သူ ကိုအောင်ယုသည် ဩဂုတ်လ ၁၁ ရက်နေ့ညက ဖမ်းဆီးခြင်းခံခဲ့ရပြီး သုံးရက်အကြာ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ဇနီးဖြစ်သူအား ကိုဗစ်-၁၉ ကူးစက်ခြင်းခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ပြီဟုဆိုသော်လည်း ဇနီးဖြစ်သူမှ ခင်ပွန်းတွင် ကိုဗစ်-၁၉ ကူးစက်ခြင်းမခံထားရကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့ ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် စစ်သားများ ကင်းလှည့်လာသည့် အချိန်၌ ဈေးဆိုင်ရှေ့ရှိခုံတွင် ဂိမ်းကစားနေသည့် လူငယ်တစ်ဦးသည် ကြောက်လန့်၍ ရှေ့ဘက် နေအိမ်အတွင်း ဝင်ပြေးခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ထားသည့် အဆိုပါနေအိမ်ကို စစ်သားများက ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်အတွင်းရှိ အခြားလူငယ် တစ်ဦးကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကျဆုံးသွားခဲ့သည့် လူငယ်မှာ ကိုရဲထက်ကိုဖြစ်ပြီး ဘယ်ဘက် ရင်အုံကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၂ဝ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အကြမ်းဖက်စစ်အုပ်စုမှ ခန့်အပ်ထားသော ညကင်းသမားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၂ နှစ်အရွယ် ပဒံကျေးရွာနေ ကိုဟန်ဇော်ထွန်း(ခ)တုတ်ပြဲမှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုဟန်ဇော်ထွန်းသည် မိခင်ဖြစ်သူ၏ နေအိမ်မှ ပြန်လာစဉ် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 16, 2021 (Burmese) (MP)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 16 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 16 August 2021)