စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၂၈) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၂၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၃၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မေ ၂၅) က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာ၌ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကျောင်းတွင် စာကပ်သည်ကို မကျေနပ်၍ အဆိုပါ ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်တပ်ကို​ ခေါ်ယူ၍ ပစ်ခတ်ခိုင်း သောကြောင့် ထိုကျေးရွာမှ အမျိုးသမီး တစ်ဦးသည် ယမန်နေ့ ညပိုင်းက ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်ဟု သိရှိရသည်။
ယမန်နေ့ (မေ ၂၅) ညအချိန်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ လုံးခင်းကျေးရွာတွင် ညသပိတ်ပြုလုပ်နေစဉ် ဖားကန့်မြို့၏ NLD သတင်းပြန်ကြားရေးကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုဇော်ဝင်းမောင်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းပြင် မိုးကုတ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၌ နာယက တစ်ဦးဖြစ်သော အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်အုန်းမြင့်သည်လည်း ယမန်နေ့ ညနေပိုင်းအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကျောက်ဆောင်ကျေးရွာ၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် မေလ ၂၄ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ဝိဇ္ဇာသိပ္ပံ အတွင်းရေးမှူး ကိုသက်တင်အောင် နှင့် အဖော်လိုက်ပါသူ ကိုပိုင်စိုးတို့သည် ရန်ကုန်-မန္တလေး လမ်းမပေါ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့နယ်၌ ပရဟိတလုပ်ကိုင်နေသူ သုံးဦးဖြစ်သည့် ဦးချစ်ထွေး၊ ဦးမျိုးညွန့် နှင့် ဦးဝင်းကျော်စိုးတို့သည်လည်းကောင်း အသီးသီးဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for May 26, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (26-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (26-May-2021)