၂၀၂၆၊ အောက်တိုဘာ တလတာအနှစ်ချုပ်အစီရင်ခံစာ





၂၀၂၆၊ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ
နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၆ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ (၉) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၃) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်တွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၃) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၉၀) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“နိုင်ငံတဝှမ်းမှာ လစဉ် ရာနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ တဖက်သတ် အကြမ်းဖက်တိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အသက်ဆုံးရှုံးနေကြရပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ခိုလှုံရာနေရာများကိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်းဟာလည်း အင်မတန် ယုတ်ညံ့တဲ့လုပ်ရပ်တွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ပြတ်ပြတ်သားသားဆုံးဖြတ် ဖယ်ကြဉ်လိုက်တဲ့ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်ကဲ့သို့ ကမ္ဘာ့လူ့အဖွဲ့အစည်းများက လက်တွေ့ကျတဲ့ အရေးယူ ဆောင်ရွက်ချက်မျိုး အမြန်ဆုံး အကောင်အထည်ဖေါ်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။”
ဦးတိတ်နိုင်၊ အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
