⁨တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၆၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိ

ဩဂုတ် ၃၊ ၂၀၂၆

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၈) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၇၄) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၃၂) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၅၂) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“စစ်အုပ်စုဟာ တဖက်က အာဆီယံရဲ့ တရားဝင်မှုကို ရရှိဖို့ ကြိုးစားနေသလို တဖက်မှာလည်း ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတာလည်း ဖြစ်နေပါတယ်။ တချိန်ထဲမှာလည်း အဲဒီသတ်ဖြတ်နေခြင်းတွေကို အာဆီယံအပါအဝင် နိုင်ငံတကာက သိရှိအောင် အရပ်ဖက်အဖွဲ့အစည်းများ နဲ့ ဒီမိုကရေစီအင်အားစုများက လုပ်ဆောင်နိုင်ခဲ့ပြီး စစ်အုပ်စုရဲ့တရားဝင်မှုမရအောင် ယာယီရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး ကြိုးစားကြရမှာပါ။” ဦးဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩