⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၈၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၄၀၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၂၀၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၅၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၅၀) ဦး၊ စုစုပေါင်း (၆၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၈) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှ အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်စီးနင်းလာစဉ် ဖာနီကျေးရွာအနီး ရောက်ရှိချိန်၌ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းနှင့်တိုး၍ ပစ်ခတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသော ကိုဟိန်းလင်းနိုင်မှာ ကျည်ထိမှန်၍ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ နေရာ၌ပင်သေဆုံးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူသည် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩