စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – နိုဝင်ဘာ ၉ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာ ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၆၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၂၈၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၁၀၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၄၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
အာဏာသိမ်းစကတည်းက ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်များသည် တနှစ်ထက် တနှစ်ပို၍ ဆိုးရွားလာခဲ့ပြီး ထိုကဲ့သို့သောလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လာလျက်ရှိသည်။ အထူးသဖြင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းများနှင့် စစ်ဘေးရှောင်စခန်းများအပြင် လူနေထိုင်ရာရပ်ရွာများကိုပါ လေကြောင်းမှ ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း အထင်အရှား သက်သေပြနေသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ယာယီသားဖွားဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် မွေးကင်းစကလေး တဦး အပါအဝင် (၅) ဦး သေဆုံးခဲ့သလို၊ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာရှိ အရပ်ဘက်ဆေးရုံအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရရှိခဲ့ခြင်းအပြင် ဆေးကုသမှုခံယူနေသည့် လူနာများလည်း ဒဏ်ရာများရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာရှိ စာသင်ကျောင်းအား ဂျိုင်ရိုကော်ပတာ (Gyrocopter) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးများအပါအဝင် အရပ်သား ၁၁ ဦးအထိ သေဆုံးခဲ့သည်။ ဤဖြစ်စဉ်များကိုကြည့်ခြင်းအားဖြင့် စစ်အုပ်စု၏အမျိုးမျိုးသော တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ အသက်ရှင်သန်ခွင့်ဆိုသည့် လူ့အခွင့်အရေးမှာ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခြင်းခံနေကြရပြီး အစုလိုက်အပြုံလိုက် အသက်သေဆုံးမှုများ သည်လည်း မြင့်တက်လျက်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
