⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၂ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာ ၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၆၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၂၅၉) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၁၀၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၅၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်များ၌ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း၊ ပါရာမိုတာတို့ဖြင့် ဗုံးကြဲမှုတို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သည်။ အောက်တိုဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများ၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရွှေဘိုမြို့နယ်များအပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အင်တာနက်ဆိုင်တို့ကို ဂျက်ဖိုက်တာများ၊ ဒရုန်းများဖြင့် ပစ်မှတ်ထား ဗုံးကြဲခဲ့ခြင်းကြောင့် အသက် ၁၈ နှစ်အောက် ကလေးများ၊ ကျောင်းသူ၊ကျောင်းသားများ နှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး နေအိမ်များနှင့် သာသနိက အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့ပြင် အောက်တိုဘာလလယ်နှင့် လကုန်ပိုင်းရက်များတွင် စစ်အုပ်စုက ကျူးလွန်သည့် ရာဇဝတ်မှုများမှာ ပို၍ ပြင်းထန်ဆိုးရွားလာခဲ့ပြီး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်များ၌ ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း မိသားစု နှစ်စုမှ မိသားစုဝင်များ ဆုံးရှုံးခဲ့ရသကဲ့သို့၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာ ဘုန်းကြီးကျောင်း၌ ပဋ္ဌာန်းပွဲပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် တပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုမျှပင်မက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝမ်ငေါ့ကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၌ ကလေးများ စာသင်ကြားနေစဉ် စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ (၃) ဦး အသက်ဆုံးရှုံးခဲ့ ရသည့်အပြင် ကလေး တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်များမှ ပြည်သူတရပ်လုံးမှာ နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနှင့် လုံခြုံမှုကင်းမဲ့မှုတို့ကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်ကို ထင်ရှားစွာ ပြသလျက်ရှိသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩