⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၇၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၀၂၄) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၉၁၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၈၀) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး (၄၃) ဦးနှင့် အမျိုးသား (၅၄) ဦး စုစုပေါင်း (၉၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက်ကလေး (၁၂) ဦး ပါဝင်သည်။ သေဆုံးသူများအနက် (၈၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း အတည်ပြုရန် လိုအပ်နေဆဲသေဆုံးအရပ်သား (၁၀၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူစည်ကားရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ကြိုတင်သတိပေးချက် တစုံတရာမရှိဘဲ လေကြောင်းမှ အင်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့မှု ကြောင့် အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ ပြည်သူလူထုအပေါ် ပစ်မှတ်ထား သတ်ဖြတ်ခြင်းသည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် လူမဆန်သော ကျူးလွန်မှုတရပ် ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩