စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၄၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၈၁) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၄၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၅၆) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိပြီး “လူတိုင်း၌ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်” ဆိုသည့် အခြေခံလူ့အခွင့်အရေးကို နေ့စဉ်နှင့်အမျှ ချိုးဖောက်လျက်ရှိသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ အရပ်သားများနေထိုင်ရာနေရာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူငါးဦး သေဆုံးခဲ့သည့်အပြင် ယင်းနေ့တွင်ပင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဒါးကျွန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မူလတန်းကျောင်းသား တဦး သေဆုံးခဲ့ပြီး ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ဖူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတွင်း ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ သည့်အပြင် သမိုင်းဝင် တောင်ဖူးဘုရားကြီးဝန်းအတွင်းရှိ သာသနိက အဆောက်အအုံတချို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း မြေပြင်သတင်း အချက်အလက်များအရ သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
