စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက် ၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၃၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၉၄၈) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၈၂၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ အောက် ယောကျာ်းလေး (၁၇) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၃၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၂၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ (၁၃၇) ဦးအနက် (၇၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း အတည်ပြုရန် လိုအပ်နေဆဲ အမျိုးသား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာလ ၁၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ် ကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏မိတ္ထီလာလေတပ်က လေကြောင်းမှ ဂျက်ဖိုက်တာ များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်း ရေသန့်စက်ဖွင့်ပွဲပြုလုပ်နေသည့် နေရာသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ဥူးပညာသီရိသည် ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့သည့်အပြင် သက်ကြီးအမျိုးသားနှစ်ဦးဖြစ်သည့် ဦးအောင်တင့်နှင့် ဦးတင်ထွန်းတို့သည် လည်း သေဆုံးခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများအနက် ဦးမြင့်အောင်သည် ဆေးကုသမှုခံယူနေ စဉ်အတွင်း စက်တင်ဘာလ ၁၇ ရက်နေ့၌ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
