စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – ဩဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၈၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၇၉၂) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၂၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၆၅) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၇၆) ဦး စုစုပေါင်း (၉၇) ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၁၇) ဦး ပါဝင်သည်။ အဆိုပါသေဆုံးသူများအနက် မကွေးတိုင်းတွင် (၃၇) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ပြီး ပဲခူးတိုင်းတွင် (၃၄) ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့ပါသည်။ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သေဆုံးခဲ့သည့်အရပ်သား (၁၄၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဇွန်လကတည်းကစတင်၍ မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို အင်အား ၇၀၀ ဝန်းကျင်ခန့်ရှိသော အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဇူလိုင်လတွင် မြိုင်မြို့နယ်၊ ကွန်လပ်ကျေးရွာသို့ရောက်ရှိစဉ် ကိုချမ်းမြေ့ဦး၊ ကိုအောင်ပြေ၊ ကိုစန်းဝင်းနှင့် ဦးဆန်ပန်းတို့လေးဦးကို ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
