စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်


ရက်စွဲ – ဩဂုတ် ၄ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၃၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၆၄၅) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၆၄၄) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၈) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၉၃) ဦးနှင့် အမျိုးသား (၁၇၄) ဦး၊ စုစုပေါင်း (၂၆၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေး (၄၂) ဦး ပါဝင်သည်။ အဆိုပါသေဆုံးသူများအနက် မကွေးတိုင်းမှာ (၅၉) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ပြီး၊ စစ်ကိုင်းတိုင်းမှာ (၅၀) ဦးဖြင့် သေဆုံးမှုဒုတိယအများဆုံး ဖြစ်သည်။ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၄၁၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၂၅ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံရွာသား ငါးဦးတို့သည် ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။ သေဆုံးခဲ့သူများမှာ ကိုချစ်ဦး၊ ဒေါ်ရီ တို့အပါအဝင် မသန်းသန်းမော်နှင့် ၎င်း၏ ၁၈ နှစ်အောက်သားများဖြစ်ကြသော မောင်အောင်ဘုန်းခန့်နှင့် မောင်ညီဘုန်းခန့်တို့ဖြစ်ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
