စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၈၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၇၇၆) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၇၁၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၆၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းသုံးတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်စွာဖြင့် ကျူးလွန်လျက်ရှိသည်။ ဩဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် အရပ်သားပြည်သူ (၈) ဦး သေဆုံးခဲ့သည်။ အလားတူ ဩဂုတ်လ ၁၅ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာကို အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၃) ဦး သေဆုံးခဲ့သည်။

ထို့ပြင် စစ်အုပ်စုသည် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဖျက်ဆီးလျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ တော်လှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ သည့်အပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေဘယက်ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်းကို မြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩