စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၁၀ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၁၀ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၂၃၉) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၇၀၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၆၄၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၆၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိပြီး အရပ်သားပြည်သူများသည် နေ့စဉ်နှင့်အမျှ အဆိုပါချိုးဖောက်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေကြရသည်။

ဩဂုတ်လ ၃ ရက်နေ့မှစတင်၍ မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ ၄၀၀ ခန့်ရှိသည့် နရွဲတောကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်။ အလားတူ သြဂုတ်လ ၅ ရက်နေ့တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္တိန်း(မြောက်)ကျေးရွာကို မီးရှို့ခဲ့၍ လူနေအိမ်များအပါအဝင် အဆောက်အဦ ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ပြင် ဩဂုတ်လအတွင်းတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါကူလယ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၆ လအရွယ် ကလေး တဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း လူငယ်များအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းကို ပေါ်တာဆွဲ၍ ဖမ်းဆီးခဲ့သည့်အပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း ဒေသခံ ၈ ဦးအား ဖမ်းဆီးခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩