စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ – ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၈၇) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၅၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၁၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက ယာယီအပစ်အခတ်ရပ်စဲရေး ကာလများကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားသော်လည်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကံသာကျေးရွာရှိ စာသင်ကျောင်းကို စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီး ခဲ့သည်။ ဇွန်လ ၅ ရက်နေ့တွင်လည်း ထိုမြို့နယ်ရှိ ကျက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုနေ့တွင်ပင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သည်။ 

ထို့ပြင် ဇွန်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကာ ၆ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ပျက်စီးခဲ့သည်။ ဇွန်လ ၇ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောက်ကြီးကျေးရွာရှိ စာသင်ကျောင်းနှင့် ပုဇွန်ဖြေကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းဆောင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုနေ့တွင်ပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ သားအဖ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)