စစ်အာဏာသိမ်းမှုအောက်မှ ဓားစာခံများ

 

 

ရက်စွဲ။ ။ ဇွန်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အုပ်စုမှ နိုင်ငံ့ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်မှ စစ်အုပ်စုသည် အပြစ်မဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် တရားမဲ့ဖမ်းဆီးခံခြင်းများကို နေ့စဉ်မပြတ် ပြုလုပ်လျက်ရှိသည်။ ထိုသို့ ဖမ်းဆီးရာတွင် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို လမ်းပေါ်တွင် အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်၍ လည်းကောင်း၊ နေအိမ်များသို့ အတင်းဝင်ရောက်၍လည်းကောင်းဖမ်းဆီးခြင်းမျိုး ပြုလုပ်လာခဲ့သည်။ ထို့ပြင် ၎င်းတို့ပစ်ခတ်၍ ထိခိုက် ဒဏ်ရာရသူများ ဆေးရုံတွင် ဆေးဝါးကုသနေစဉ်တွင်လည်းကောင်း ဖမ်းဆီးမှုများရှိခဲ့သည်။ နောက်ပိုင်းတွင် အလွယ်တကူ ဖမ်း၍ မရသူများကို လမ်းမပေါ်တွင် ကားဖြင့် ဝင်တိုက်၍ လူမဆန်သည့် ဖမ်းဆီးခြင်းမျိုးကိုလည်ကျင့်သုံးလာခဲ့သည်။ ထိုမျှမက ၎င်းတို့ ဖမ်းဆီးချင်သည့် လူများကို နေအိမ်များတွင် ဝင်ရှောက်ရှာဖွေရာတွင် မတွေ့သဖြင့် တွေ့သမျှ မိသားစုများကို ကလေးသူငယ်များပါမချန် ဓားစာခံအဖြစ် ဖမ်းဆီးသည့် အင်မတန် ယုတ်ညံ့သော အောက်လမ်း နည်းများကိုပါ အသုံးပြုလာသည်ကို သိရှိရသည်။
AAPP မှ စုဆောင်းရရှိထားသော မှတ်တမ်းအရ ထိုသို့ ဓားစာခံအဖြစ် ဖမ်းဆီးခံ ထားရသူ အရေအတွက်မှာ ၇၆ ဦး ရှိပြီး အမှန်တကယ် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများမှာ ယခုထက်ပိုမိုမည်ဖြစ်သည်။ ထိုအထဲမှ ၂၈ ဦးမှာ ယခုအခါ ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်သည်။ ၄၅ ဦးမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘဲ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။ ၂ ဦးမှာ နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားခဲ့ပြီး ၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
ပြည်လွတ်မြောက်လာခြင်းမရှိသေးဘဲ ယနေ့အထိ ဖမ်းဆီးချုပ်နှောင်ထားဆဲ ခံထားရသည့် ၄၅ ဦးရှိပြီး ထိုသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ၊ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသူများ၊ အာဏာဖီဆန်ရေး CDM လုပ်ထားသူများ၊ ၅၀၅-ကဖြင့် ဝရမ်းထုတ်ထားသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သူဟု စွပ်စွဲခံရသူများနှင့် သတင်း ထောက်တစ်ဦး တို့ကို လာရောက်ဖမ်းဆီးရာ ၎င်းတို့ကို မတွေ့သဖြင့် နေအိမ်တွင်ရှိ လူများကို ဖမ်းဆီး သွားခြင်း ဖြစ်သည်။
နေအိမ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားခြင်း ခံထားရဆဲသည့် ၂ ဦးမှာ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ NLD ပါတီခေါင်းဆောင် ဦးမြငြိမ်းနေအိမ်အား စစ်အုပ်စုမှ လာရောက် ဖမ်းဆီးစဉ် ဦးမြငြိမ်းအား မတွေ့သဖြင့် အိမ်ရှိ ဦးမြငြိမ်း၏ ဇနီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်း(၇၅ နှစ်) နှင့် ဒေါ်ငြိမ်း ငြိမ်း၏ ညီမ ဝမ်းကွဲဖြစ်သူ ဒေါ်ဝိုင်းတိုင်း (၆၅ နှစ်) တို့နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ ပထမတွင် ပန်းတနော် ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားခဲ့ပြီး ယခုအခါ ၎င်းတို့မူလ နေအိမ်ဖြစ်သော မိမ္မပြေးရွာသို့ ပြန်ခွင့်မရဘဲ ပန်းတနော်မြို့ပေါ်ရှိ ဦးမြငြိမ်းနေအိမ်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် ၁ ဦးမှာ မေလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပနေအိမ်သို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုတင်ထွဋ်ပိုင်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ၎င်းအားမတွေ့ရှိသဖြင့် အိမ်တွင်ရှိနေသော မိခင်ဖြစ်သူ ဒေါ်မိငယ်အား ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ဒေါ်မိငယ်အား မေလ ၂၈ ရက်နေ့တွင် မြောက်ဥက္ကလာပ စစ်ခုံရုံးမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
ထိုဓားစာခံဖြင့် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၇၆ ဦးအနက် ၃၆ ဦးမှာ အမျိုးသမီးများ ဖြစ်သည်။ အသက်အရွယ်အားဖြင့် အသက် ၂ နှစ်မှ ၇၅ နှစ်အထိ ဖြစ်ကြသည်။
ထိုသို့သော ဓားစာခံအဖြစ် ဖမ်းဆီးသည့် လုပ်ရပ်သည် အကြမ်းဖက်သူများသာ ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ကြောင်း ကမာ္ဘ့နိုင်ငံ¬အသီးသီးက သတ်မှတ်ထားကြသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အဆက်ဆက်က ထိုဓားစာခံဖမ်းဆီးခြင်းကို လက်ဆင့်ကမ်း လုပ်ဆောင်ခဲ့ ကြသည်။ ခေတ် အဆက်ဆက် ဖွဲ့စည်းပုံအခြေခံဥပဒေ များကလည်း ကျူးလွန်သူများကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရစေရန် ရေးဆွဲ ပြဌာန်း ခဲ့ကြသောကြောင့် ထိုသို့ ဆက်လက်ကျူးလွန်ခွင့် ရနေခြင်း ဖြစ်သည်။ ဓားစာခံဖမ်းဆီးခြင်းကိုဆန့်ကျင်သော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (“ဓားစာခံသဘောတူညီချက်”) သည် ၁၉၇ဝ ပြည့်လွန်နှစ်များက ဓားစာခံ ဖမ်းဆီးခြင်းကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။
ဓားစာခံ ဖမ်းဆီးခြင်းသည် အင်မတန်စက်ဆုတ်ရွံရှာစရာဖြစ်ပြီး လုံးဝ သည်းမခံနိုင်သည့် လူမဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဓားစာခံ ဖမ်းခြင်း ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ နယူးယောက် (၁ရ ဒီဇင်ဘာလ ၁၉၇၉) တွင် ဂျာမဏီက တင်သွင်းခဲ့သည်။ ထိုကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံမှ ၂၀၀၄ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုး ထားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ (ICCPR) ပဋိညာဉ်စာတမ်းအရ မည်သည့် ရည်ရွယ်ချက်အတွက်မဆို ဓားစာခံအဖြစ် ဖမ်းဆီး ခြင်းသည် လူတစ်ဦးချင်း၏ဘဝ၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအပါအဝင် လူတိုင်း၏ဂုဏ်သိက္ခာနှင့် အခြေခံ အခွင့်အရေးများကို ကုလသမဂ္ဂက ထိန်းသိမ်းထားသော အခြေခံတန်ဖိုးများကို ချိုးဖောက်သည်ဟုဆိုခဲ့သည်။ (A/31/242, para.5)။
ထို့ပြင် ဓားစာခံဖမ်းဆီးခြင်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် နိုင်ငံဖြတ်ကျော် ဆက်ဆံရေးကို ခြိမ်းခြောက်သည်ဟု ထပ်မံ သတိပေးခဲ့သည် (A/31/242, para.1)
ယနေ့ ယဉ်ကျေးသော ကမာ္ဘ့လူ့အသိုင်းအဝိုင်းတွင် အပြင်းအထန် ဆန့်ကျင်ရှုံ့ချနေသည့် အကြမ်းဖက်သမား တို့၏ လုပ်ရပ်ဖြစ်သော ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းကို မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့အား ဆန့်ကျင်သူတို့အပေါ် ဖိနှိပ်ရေး လက်နက်တစ်ခုအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လျက် ရှိသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထိုကဲ့သို့ ယုတ်ညံ့သည့် အကြမ်းဖက် လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်သည့်အပြင် ဖမ်းဆီးထားသော ဓားစာခံများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ ထိုနည်းတူ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ထိုလုပ်ရပ်အား လျင်မြန်စွာ အရေးယူဆောင်ရွက်နိုင်ပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။

စစ်အာဏာသိမ်းမှုအောက်မှ ဓားစာခံများ အစီရင်ခံစာဒေါင်းလော့ယူရန် Hostage Statment_Burmese

မတရားဖမ်းဆီးခံထားရသည့် ဓားစာခံများ စာရင်းဒေါင်းရန် Hostage list (4-Jun-2021)_AAPP burmese