စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များ ကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၈၁) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၈၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၈၄၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၅၆၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၀) တွင် ပြည်သူများသည် အဖြူရောင်ဝတ်ဆင်သည့် လှုပ်ရှားမှု (White Shirt Campaign) အပါအဝင် လှုပ်ရှားမှုအမျိုးမျိုးဖြင့် အာဏာသိမ်း စစ်အုပ်စုကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့ရှိ အရုဏ်ဦး လမ်းလျှောက်သပိတ်သည် ဖြိုခွင်းခြင်းခံခဲ့ရပြီး ပြည်သူ ၁၅ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရ သည်။
အကြမ်းဖက် စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။ အထူးသဖြင့် ၎င်းတို့ကို ဆန့်ကျင်ရာတွင် ဦးဆောင်သူများကို အဓိကထား၍ ဖမ်းဆီးလာခဲ့သည်။ ယမန်နေ့ (မေ ၉) မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာဝန်းအတွင်းရှိ တိုက်အမှတ် B5 ကို စီးနင်းခဲ့ပြီး ၁၄ ဦးအား မျက်လုံးများကို အဝတ်ဖြင့်စည်း၍ ဖမ်းဆီးသွားခဲ့သည်။ ထိုကဲ့သို့ စီးနင်းရာ၌ ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆေးတက္ကသိုလ် ကျောင်းသားဟောင်း လူငယ် တစ်ဦးသည် တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။ လာရောက် ဖမ်းဆီးသူ စစ်သားနှင့် ရဲများက ထိုကျောင်းသားအား တွန်းချခဲ့ကြောင်းလည်း သတင်းဌာနအချို့က ရေးသားခဲ့ကြသည်။ ထိုလုပ်ရပ်မှ အကြမ်းဖက် စစ်အုပ်စုသည် လူတစ်ဦး၏ အသက်ကိုပင် တန်ဖိုးမထားဘဲ အငြှိုးထား ပြုမူခြင်းဖြစ်သည်ကို သိသာ ထင်ရှားစေပြီး အလွန်အမင်း လူမဆန်သော လုပ်ရပ်ဖြစ်သည်။ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ပြည်သူများကို ဖမ်းဆီးထားချိန်၌ပင် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နေကြသည်။
အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်နောက်တစ်ခုမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးသွားလျှင် အခြားရောဂါ တစ်ခုခုကြောင့် ကျဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်များအား လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။ ယမန်နေ့က ကျဆုံး သွားခဲ့သော ကဗျာဆရာ ကိုခက်သီ၏ ဇနီးဖြစ်သူမှာ ခင်ပွန်း၏ ရုပ်အလောင်းကို ပြန်လည် ရရှိစေရန် ညှဉ်းပန်း နှိပ်စက်မှု ကြောင့် ကျဆုံးမှန်းသိသော်လည်း ရောဂါအခံကြောင့် ကျဆုံးခြင်းဖြစ်သည်ဟု ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်။ ထိုကဲ့သို့ အတင်းအဓမ္မဝန်ခံလက်မှတ်ရေးထိုးစေခြင်းသည် ၎င်းတို့၏ ရက်စက် ယုတ်မာသော လုပ်ရန်ကို ဖုံးကွယ်လို၍ ဖြစ်ပြီး ကျူးလွန်မှု၏ သက်သေများကို ဖျောက်ဖျက်ပစ်လို၍ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လိမ်လည်လို၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုကဲသို့ လုပ်ရပ်များအတွက် ပါဝင်ပတ်သက် သည့် ကျူးလွန်သူအားလုံး မလွဲမသွေ တာဝန်ယူ၊ တာဝန်ခံကြရမည်ဖြစ်သည်။
အာဏာရှင်အဆက်ဆက်မှ ပြည်သူများ “ဒီမိုကရေစီ” လွတ်လပ်ခွင့် မရှိစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြရာ အာဏာသိမ်းပြီးသည့်နောက်တွင်လည်း ပြည်သူများ၏ လွတ်လပ်ခွင့်များကို ဖြတ်တောက်ထားသောကြောင့် ဒီမိုကရေစီ၏ အနှစ်သာရမှာ ဆိတ်သုန်းသွားခဲ့ရပြီဖြစ်သည်။ ယမန်နေ့ (မေ ၉) ညပိုင်းက အကြမ်းဖက် စစ်အုပ်စုမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၈၈၈၈ အရေးတော်ပုံနှင့် အရေးတော်ပုံအဆက်ဆက်တွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုစိုက်ထူထားသည့် ဒီမိုကရေစီမော်ကွန်းကျောက်တိုင်ကို အင်အားသုံး၍ ဖြိုချ ဖျက်ဆီးခဲ့သည်။ ထို့ပြင် ယမန်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လမ်းမတစ်ခုပေါ်၌ “ဒီမိုကရေစီ အလိုရှိသည်” ဆိုသည့် စာတန်းရေးဆွဲနေသော လူငယ်တချို့ကို လိုက်လံ ဖမ်းဆီးခဲ့ရာ လူငယ် နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်မရရှိသေးပါဟု သိရှိရသည်။ လက်ရှိအချိန်ကာလတွင် မြန်မာပြည်တွင်း ရာစုနှစ်ဝက်နီးပါးကြာ ကြီးစိုးခဲ့ သော အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေကြသည်မှာ ဒီမိုကရေစီ ရရှိရေး နှင့် ငြိမ်းချမ်းရေးတို့အတွက် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင်း ဒီမိုကရေစီပြန်လည် ရှင်သန်လာစေရန်အတွက် ဒေသတွင်း အာဆီယံအပါအဝင် နိုင်ငံတကာမှ အဓိကကျသော ကိစ္စရပ်တစ်ခုအဖြစ် အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများ၊ ကလေးများပါမကျန် ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ရာ ယခုအခါ မသန်စွမ်းသူ များကိုလည်း ပစ်မှတ်ထား ဖမ်းဆီးလာသည်ကို တွေ့ရှိရသည်။ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၌ မန္တလေးသံဃာ့သမဂ္ဂစစ်ကြောင်းတွင် အမြဲလိုက်ပါသူ မသန်စွမ်းတစ်ဦးဖြစ်သည့် စိုင်းလှမင်းကို သပိတ်လူစုခွဲ အပြီး၌ ဖမ်းဆီးသွားခဲ့ပြီး အာမခံမပေးခဲ့ပါ။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့အာဏာထိန်းချုပ်နိုင်ရေးအတွက်သာ အဓိက အာရုံစိုက်၍ ကြိုးပမ်းနေပြီး ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့မဆို ခြိမ်းခြောက် ဖမ်းဆီးလျှက်ရှိသည်။ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (UNCRPD) ကို အတည်ပြု လက်မှတ်ရေးထိုး ပြီးသော်လည်း တရားမဝင် အာဏာသိမ်း စစ်အုပ်စုဖြစ်သောကြောင့် မည်သည့် အခွင့်အရေးကိုမှ လေးစားလိုက်နာခြင်း မရှိပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးအတွင်းကျဆုံးသူများစာရင်းဒေါင်းလော့ယူရန်Fatality List for May 10, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_Burmese (10-May-2021)
ပြန်လည်လွတ်မြောက်သူများစာရင်းဒေါင်းလော့ယူရန် Release Lists_Burmese (10-May-2021)