စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၃) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ပဲခူးမြို့၌ ကျဆုံးသူ အမြောက်အမြားရှိသည်ဟု သိရှိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပါ။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၃) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၆၁၇) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၁) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၆၁၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၉၃၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၅၂၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၉) နံနက် အရုဏ်မတက်မီ အစောပိုင်းကတည်းက အကြမ်းဖက် စစ်အုပ်စုသည် ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၏ အကြမ်းဖက်ဖြိုခွဲမှုကို ကာကွယ်ရန် ပိတ်ဆို့ထားသည့် အဓိက အတားအဆီး များ တည်ရှိရာ မဂ္ဂတစ်လမ်းမကြီးကို နှစ်ဖက်ပိတ်ညှပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဗုံးသီးများဖြင့် အင်အား အလွန်အကျွံသုံး၍ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ရပ်ကွက်များအတွင်းကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ပြည်သူ (၄) ဦးထက်မနည်း ကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ နှင့် ဖမ်းဆီးခြင်းခံရသူ အမြောက်အမြားရှိသည်ဟု ကနဦး သိရှိရသည်။ ယနေ့ညနေပိုင်းတွင် ၂ဝ ဦးထက်မနည်း သတ်ဖြတ်ခံရကြောင်းလည်း ကြားသိရပြီး အတည်ပြုနိုင်သေးခြင်း မရှိသေးပါ။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို မှော်ကန် ၁၃ လမ်း ရှင်စောပုဘုရားဝန်းဘေးတွင် ပုံထားသည်ဟု မျက်မြင်တွေ့သူများမှ ပြောကြားကြောင်း သိရှိရသည်။
ယနေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သပိတ်စစ်ကြောင်းသည် ဖြိုခွင်းခြင်းခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာ နှင့် ဖမ်းဆီးခြင်းခံရသူ မရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၌ လှည့်လည် ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကား နှင့် ရဲကား ၁၂ စီးခန့်ဖြင့် လိုက်လံဖမ်းဆီးမှုများကြောင့် အနည်းဆုံး လူငယ် ရှစ်ဦးခန့် ရိုက်နှက် ဖမ်းဆီးခြင်းခံထားရသည်ဟု သိရှိရသည်။ စမ်းချောင်းမြို့နယ်၌လည်း ပြောက်ကျားသပိတ် ဖြိုခွင်းခြင်းခံခဲ့ရပြီး နှစ်ဦး ရာဘာကျည်ထိခဲ့ကာ နှစ်ဦးဖမ်းဆီးခြင်းခံခဲ့ရသည်။
၎င်းပြင် ညသပိတ်များကိုလည်း စီးနင်း ဖြိုခွင်းမှုများ ထပ်မံပြုလုပ်လာခဲ့ပြီ ဖြစ်သည်။ ယမန်နေ့ (ဧပြီ ၈) ညက ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ညသပိတ်ပြုလုပ်နေစဉ် ရဲ နှင့် စစ်သားများမှ လာရောက်ပြီး အရပ်သား ကိုးဦးကို လက်ကိုကြိုးတုပ်၍ ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် တရုတ်အလံကို မီးရှို့ဆန္ဒပြသူများကို အကြမ်းဖက် စစ်အုပ်စုမှ လိုက်လံ ရှာဖွေ ဖမ်းဆီးလျက်ရှိရာ ယမန်နေ့ညက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းကို ဝင်ရောက်၍ သေနတ်ပစ်ဖောက်ကာ အရပ်သား လေးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးထားချိန်၌ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးမည့်သူကို ပစ်သတ်ခြင်းတို့သည် အလွန်အမင်း ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ ထိုချိုးဖောက်မှုများကို ပြောင်ပြောင်တင်း ကျူးလွန်နေခြင်းမှာ စစ်အုပ်စု၏ အာဏာတည်မြဲစေရေးအတွက်ဖြစ်သည်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ၌ တက်ကြွစွာ ပါဝင်လေ့ရှိသော အမျိုးသား တစ်ဦးသည် တိမ်းရှောင်နေစဉ် လာရောက် ရှာဖွေခြင်းခံရပြီး ခြေသလုံးကို ပစ်ခတ်ခြင်းခံရ၍ ထွက်ပြေးစဉ် နောက်ကျောကို ထပ်မံ၍ ပစ်ခတ်ခြင်းခံရကာ ကျဆုံးသွားခဲ့သည်။
အာဏာသိမ်းပြီးသည့်နောက် အကြမ်းဖက်စစ်အုပ်စုမှ ဧည့်စာရင်းမတိုင်လျှင် ဒဏ်ငွေတစ်သောင်း သို့မဟုတ်ထောင်ဒဏ် ရ ရက်အထိ ချမှတ်နိုင်သည့် ဥပဒေကို ပြဌာန်းခဲ့ပြီး ယခုအခါ ထိုဥပဒေဖြင့် ခြိမ်းခြောက်မှုများကို စတင်လုပ်ဆောင်လာပြီ ဖြစ်သည်။ စစ်အုပ်စုမှ ခန့်အပ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဧည့်စာရင်းမတိုင်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမည် သို့မဟုတ် ငွေဒဏ်ချမှတ်မည်ဟု ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များ၌ ကားများဖြင့် လှည့်လည်၍ လော်စပီကာ များဖြင့် အော်ဟစ် ခြိမ်းခြောက်လျက်ရှိသည်ဟု သိရှိရသည်။ ထိုအခြင်းအရာသည် စစ်အုပ်စုမှ ဥပဒေကို အလွဲသုံးစား ပြုလုပ်ရုံမက ၎င်းတို့ကို ဆန့်ကျင်သူများ စုစည်းနိုင်ခြင်းမရှိဘဲ တကွဲတပြားဖြစ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အချိန်မရွေး သံသယရှိပါက ဝင်ရောက် ဖမ်းဆီးနိုင်ရန်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း သတင်းမီဒီယာကဏ္ဍကို အပြင်းအထန်ဖိနှိပ်၍ သတင်းစီးဆင်းခွင့်ကို နည်းပေါင်းစုံဖြင့် ဖြတ်တောက်လျက် ရှိသည့်ကြားမှ သတင်းမှန်သိရှိနိုင်ရန် အချိန်နှင့်တပြေးညီ တင်ပြလျက်ရှိခြင်းကြောင့် စစ်အုပ်စုသည် သတင်းသမားများကို ပို၍ တင်းကျပ်စွာ ဖိနှိပ်လာသည်ကို တွေ့ရှိလာရပါသည်။ ယနေ့တွင် ဖားကန့် အခြေစိုက် သတင်းထောက် ဦးနောင်ရိုးသည် မြို့တွင်း ဆန္ဒထုတ်ဖော်မှုအား သတင်းယူနေစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ယမန်နေ့ကလည်း မဇ္ဈိမသတင်းဌာန တည်ထောင်သူ နှင့် လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တစ်ဦး ဖြစ်သူ နှင့် လုပ်ဖော်ကိုင်ဘက်ဟောင်း တစ်ဦး တို့သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်း ပြုထားချက်အရ ယမန်နေ့အထိ သတင်းမီဒီယာနယ်ပယ်မှ စုစုပေါင်း ၂၉ ဦးသည် ဖမ်းဆီးခြင်းခံထားရဆဲဖြစ်ပြီး နှစ်ဦးသာ အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုအခြင်းအရာမှ မြန်မာနိုင်ငံတွင်း သတင်းသမားကို မည်ရွေ့၊ မည်မျှ ဖိနှိပ်ထားသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် ရက်ဆက်ဆိုသလို ဘာသာရေးဆိုင်ရာ နေရာများကို ဝင်ရောက် စီးနင်း၍ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ယမန်နေ့က ပဲခူးမြို့၊ ကျောက်တန်းကျေးရွာရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပရဟိတကျောင်း၊ ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်မှ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းများနှင့်ဗလီများကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပရဟိတကျောင်းကို စီးနင်းရာတွင် တည်းခိုသူဧည့်သည်များကို ဒူးထောက်ခိုင်းခဲ့သည်။ ထို့နောက် ကျောင်းတွင် နေထိုင်သူ ငါးဦးအား ခေါ်ဆောင်သွားခဲ့သည်။
တိုင်းရင်းသားရေးရာကဏ္ဍတွင်လည်း အကြမ်းဖက် စစ်အုပ်စုသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ယမန်နေ့ညကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာ သုံးရွာအတွင်းသို့ လက်နက်ကြီးကျည် ၁၂ လုံးပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား တစ်ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်။ ယမန်နေ့ ညနေက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မာန်အောင်ရွာအတွင်းတွင် စစ်တပ်မှ ဝင်ရောက်တပ်စွဲနေရာယူထားသဖြင့် ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးသွားကြသည်။
၁၉၆၂ ခုနှစ် နှင့် ၁၉၈၈ ခုနှစ် တို့တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး ပြည်သူလူထုသည် စစ်အာဏာရှင်၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ပေါင်းများစွာတိုင် ရင်ဆိုင်ခံစားခဲ့ကြရသည်။ ယခုတဖန်ပြန်၍ ၂၀၂၁ ခုနှစ်တွင် အလားတူသော အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူများ အထိုက်အလျောက်ခံစားခဲ့ရသော ဒီမိုကရေစီ အနှစ်သာရမှာ ပျက်ပြယ်သွားခဲ့ပြီး လွတ်လပ်ခွင့်များ ပြန်လည် ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။ အာဏာရှင်စနစ်ပျက်သုဉ်း၊ ချုပ်ငြိမ်းသွားမှ သာလျှင် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ်သည်။ သို့အတွက် အာဏာရှင်ကို အတူတကွ ဆက်လက် တိုက်ထုတ်သွားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း ကျဆင်းလျက်ရှိသော အခြေအနေသို့ ဦးတည်လျက်ရှိပြီး စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးပျက်စီးမှု၊ အကြမ်းဖက်မှု နှင့် အုပ်ချုပ်မှုဆိုင်ရာ မူဝါဒများသည် အာဆီယံ၏ ရင်းနှီးမြှပ်နှံမှု နှင့် တိုးတက်မှုကို များစွာ နှောင့်နှေးစေမည် ဖြစ်သည်။ ပြည်တွင်း စီးပွားရေးကျဆင်းလျှင် ဒေသတွင်း အာဆီယံကိုလည်း ရိုက်ခတ်မှုရှိမည်ဖြစ်သည်။ သို့သော်လည်း အကြမ်းဖက် စစ်အုပ်စုက ယနေ့ ပဲခူးမြို့တွင် အင်အားသုံး၍ အပြင်းအထန်ဖြိုခွဲပြီး အရပ်သားများကို သတ်ဖြတ်မှု ပြုလိုက်ခြင်းသည် အာဆီယံ သဘောထားနှင့်ဆန့်ကျင်ကာ ပြည်တွင်း တည်ငြိမ်မှုကို မလိုလားကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများက အရေးပေါ် အစည်းအဝေး ကျင်းပရန် အဆိုပြုလျက်ရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှလည်း အာဆီယံနိုင်ငံများအား “တည်ငြိမ်၍ ကြွယ်ဝချမ်းသာပြီး အဆင့်မြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေး ပေါင်းစည်းမှုဖြစ်ပေါ်စေမည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုဒေသ ထူထောင်ရန်” ဆိုသည့် အာဆီယံ၏ ချာတာအတိုင်း လိုက်နာရန် တိုက်တွန်းပြီး ထိုကဲ့သို့လုပ်ဆောင်နိုင်ရန်အတွက် အာဏာသိမ်းမှုကို အဆုံးသတ်ရန် လိုအပ် သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းထားသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Lists_Burmese (Last Updated on 9 April 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality list for April 8, 2021 (Burmese)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Total Release Lists_Burmese (Last Updated on 9 April 2021)