စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ကျောင်းသား၊ လူငယ်များ၊ အရပ်သားများအပါအဝင် စုစုပေါင်း (၁၄) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ယနေ့ ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၃၇) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၄၉၆) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၅၁၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မတ်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၅၇၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အာဏာသိမ်းမှု ၅ရ ရက်တိုင်ရှိလာသော်လည်း ပြည်သူများသည် နေ့ရော၊ ညပါ မရပ်မနား စစ်အာဏာရှင်ကို ဆန့်ကျင် တွန်းလှန် လျက်ရှိ၍ စစ်အုပ်စုသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့် ယန္တရားများကို လည်ပတ်နိုင်ရန် အခက်ခဲဆုံး အခြေအနေနှင့် ရင်ဆိုင်သဖြင့် ၎င်းတို့သည် ငြိမ်းချမ်းသော ဆန္ဒထုတ်ဖော်ပွဲများ ရပ်တန့်သွားစေရန် အပြင်းအထန်ကြိုးစားလျက် ရှိသည်။
ယနေ့ (မတ်လ ၂၉) ရက်နေ့၌လည်း ရပ်ကွက်အတွင်း လူနေအိမ်များပါမချန် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ သပိတ်စစ်ကြောင်းများအား ဖြိုခွင်းခြင်းတို့ ကြောင့် ကျဆုံး၊ ဒဏ်ရာရရှိသူများ ထပ်မံ တိုးပွားလျှက် ရှိသည်။ ယနေ့တွင် ရန်ကုန်တိုင်း သာကေတ၊ တောင်ဒဂုံ နှင့် သန်လျင် မြို့နယ်များ၊ ပဲခူးတိုင်း တောင်ငူမြို့နယ်၊ မန္တလေးတိုင်း၊ မြင်းခြံမြို၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီး နှင့် မူဆယ်မြို့များ၌ ဖြိုခွင်းခြင်း၊ ရပ်ကွက်များ၊ လမ်းများအထိတိုင် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းများပြုလုပ်ခဲ့၍ ကျဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိပြီး ပြည်သူ ၂ဝ ကျော် ဖမ်းဆီးခြင်းခံထားရသည်ဟု သိရှိရသည်။
တောင်ဒဂုံမြို့နယ်၌ ရပ်ကွက် ခံတပ်များကို ပခုံးထမ်း RPG လောင်ချာများ၊ လက်ပစ်ဗုံးများ အသုံးပြု၍ ဖြိုခွင်းလျက်ရှိသဖြင့် (၈) ဦးထက်မနည်းကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု ကနဦးသိရှိရသည်။
သာကေတမြို့နယ်၌ အမျိုးသား (၂) ဦး ကျဆုံးခဲ့ပြီး (၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
မြင်းခြံမြို့၌ အမျိုးသား (၂) ဦး ကျဆုံးခဲ့သည်။
ပုသိမ်မြို့နယ်၌ အမျိုးသား (၂) ဦး ကျဆုံးခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုသည် ဈာပနအခမ်းအနားများ၌လည်း အကြမ်းဖက် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း တောင်ကြီးမြို့၌ ယမန်နေ့က ကျဆုံးခဲ့ရသူ (၁) ဦး၏ နာရေး လိုက်ပါပို့ဆောင်သူများကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။
ယမန်နေ့ည နှင့် ညနေပိုင်းအချိန်၌လည်း ၎င်းတို့၏ အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်၌ အမျိုးသား (၂) ဦး၊ ဧရာဝတီတိုင်း ပုသိမ်မြို့၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သည့် လွှတ်တော်ရုံး ဝန်ထမ်း (၁) ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့၌ အမျိုးသား (၁) ဦး၊ ပဲခူးတိုင်း အုတ်တွင်းမြို့မှ လူငယ် (၁) ဦး နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ၁ရ နှစ်အရွယ် လူငယ် (၁) ဦး နှင့် မန္တလေးတိုင်း မြင်းခြံမြို့တွင်း လမ်းပေါ်သွားနေသည့် ခရီးသွားယာဉ်ကို ပစ်ခတ်ခဲ့၍ အမျိုးသား (၁) ဦး ကျဆုံးသွားခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်း ကော့သောင်းမြို့၌လည်း တညလုံးနီးပါး ပစ်ခတ် ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြသည်။
ယမန်နေ့ (မတ်လ ၂၈) ညဦးအချိန်ကတည်းက တောင်ဒဂုံမြို့နယ်၌ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့သည့် အမျိုးသား (၂) ဦး အနက် (၁) ဦးမှာ ဦးခေါင်းကို ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သော်လည်း ကျန် (၁) ဦးမှာ ပေါင်ကို ကျည်ထိမှန် ဒဏ်ရာရရှိ၍ မပြေးနိုင်ဘဲလဲကျနေစဉ် ရဲ နှင့် စစ်သားများမှ အချိန်ကြာမြင့်စွာ ထားရှိပြီး ခေါ်ဆောင်ရန် လာသူများကို “လာကောက်ရဲလျှင် လာကောက်ကြ”ဟု စိန်ခေါ်ပြောဆို၍ ပစ်ခတ်ခဲ့သည်။ အဆိုပါ ဒဏ်ရာရရှိသူကို ၎င်းတို့မှ ထပ်မံ ပစ်သတ်ပြီးမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။ ထို့ပြင် တောင်ဒဂုံပစ်ခတ်မှုအတွင်းတွင် တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ် (၁) ဦးသည် နားကို ကျည်ဖြတ်ထိသွားခဲ့သည်။ သေနတ်မှန်၍ ဒဏ်ရာဖြင့်လဲကျနေသူကို ပစ်သတ်ခြင်း၊ ကလေးငယ်များကို ပစ်သတ်ခြင်းသည် အလွန်ဆိုးယုတ်သော လုပ်ရပ်များဖြစ်သော်လည်း အကြမ်းဖက် စစ်အုပ်စုမှ ၎င်းတို့ အာဏာ တည်မြဲနိုင်ရေးအတွက် လက်ပါးစေ ရဲ နှင့် စစ်သားများအား အလွန်ဆိုးရွားသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ရန် အမိန့်ပေး စေခိုင်းထားသည်။ ဤသည်မှာ ကာကွယ်စောင့်ရှောက်ရမည့် အုပ်စုများအား ကာကွယ်စောင့်ရှောက်ပါမည်ဟု နေ့စဉ်ရွတ်ဆိုနေသည့် ကတိသစ္စာကို ၎င်းတို့ကိုယ်တိုင် ပြောင်ပြောင်းတင်း ချိုးဖောက်နေသည်ကြောင်း အထင်အရှား ပြသနေပေသည်။
အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ် ပုံစံအမျိုးမျိုးဖြင့် ပြည်သူများ၏ လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်ကို ခြိမ်းခြောက် လျက်ရှိသည်။ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ ကျောက်မြောင်း၌ ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ဖြိုခွင်းစဉ် ပြည်သူများမှ သံပုံးများတီးခဲ့၍ ထပ်မံ သံပုံးများတီးလျှင် အိမ်များကို မီးရှို့မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများမှ ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် စမ်းချောင်းမြို့နယ်၌လည်း ရဲများမှ တိုက်ခန်းများအတွင်းသို့လေးဂှ၊ ခဲမြားဖွငျ့ပဈခွငျး၊ တုတျမြားဖွငျ့ ဖကြျဆီးခွငျးမြားကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့ကြသည်။
အကြမ်းဖက်စစ်အုပ်စုသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို အလေ့တစ်ခုသဖွယ် ဆက်လက် ကျင့်သုံးလျက်ရှိသည်။ တနင်္သာရီ တိုင်း မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် သုံးရက်ကြာပျောက်ဆုံးလျက်ရှိသည့် အမျိုးသား (၂) ဦးအနက် (၁) ဦး၏ ရုပ်အလောင်းကို စစ်တပ်တွင် လာယူရန် အကြောင်းကြားကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်တပ်၏ ရိုက်နက်မှုများ ကြောင့် ကျန်အမျိုးသား (၁) ဦးမှာလည်း ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပြီး စိုးရိမ်ရသည်ဟု သိရှိရ သည်။
အကြမ်းဖက်စစ်အုပ်စုသည် မတ်လ ၂ရ ရက်နေ့ကတည်းက စတင်ပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင် အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကဲ့သို့ တိုက်ခိုက်ရာတွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် ကျေးရွာ (၇) ရွာမှ ရွာသား တစ်သောင်းဝန်းကျင်သည် နေရပ် စွန့်ခွာ ထွက်ပြေးနေကြရသည်။
အထက်တွင်ဖော်ပြထားသည့် အလွန်ဆိုးရွားသော ရက်စက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ စောင့်ကြည့်လျက်ရှိ သော်လည်း အာဏာသိမ်းမှုကို အဆုံးသတ်ရန်အတွက် နိုင်ငံတကာမှ အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ လူမျိုးတုန်း သတ်ဖြတ်မှုကို တားဆီးရေး အထူးအကြံပေး Alice Wairimu Nderitu နှင့် လူ့အခွင့်အရေး မဟာမင်းကြီးတို့မှ Michelle Bachelet တို့မှ ယမန်နေ့ (မတ်လ ၂၈) တွင် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျူးလွန်သူများအား ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)မှလည်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး “စစ်လက်နက်ထောက်ပံ့ခြင်းအား ဖြတ်တောက်ရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဖြတ်တောက်ရန် နှင့် ပြစ်ဒဏ်ပေး ခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းအား ဖြတ်တောက်ရန်” ကမာ္ဘလုံးဆိုင်ရာ ဖြတ်သုံးဖြတ် နည်းဗျူဟာကို ချမှတ်ရန် တောင်းဆိုခဲ့ သည်။ (SAC-M)မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အလုံးစုံ လက်နက်ရောင်းချမှုကို ပိတ်ပင်ထားမှုအား စောင့်ကြည့် ကြီးကြပ်ရန် ယန္တရားများ ချမှတ်ခြင်းဖြင့် ကမာ္ဘလုံးဆိုင်ရာ ဖြတ်သုံးဖြတ် နည်းဗျူဟာကို ဦးဆောင်ခြင်း၊ စစ်ခေါင်းဆောင် များနှင့် ၎င်းတို့ပိုင် ကုမ္ပဏီများ နှင့် လက်ဝေခံ ကုမ္ပဏီများအား ဘဏ္ဍာရေးအရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်း၊ မြန်မာနိုင်ငံ၏ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)သို့ လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် တောင်းဆို လိုက်ခြင်းဖြစ်သည်။ အဆိုပါတောင်းဆိုချက်များအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှလည်း ကြိုဆို ထောက်ခံပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကျဆုံးစာရင်းဒေါင်းလော့ရယူရန်Fatality List for March 29 (Final) (1)
ဖမ်းဆီးထိန်းသိမ်းခံစာရင်းမြန်မာဘာသာဖြင့်ဒေါင်းလော့ရယူရန်Total Detention, Charge Lists_Burmese (Last Updated on 29 March 2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Total released list