စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ကလေးသူငယ်များ၊ ကျောင်းသား၊ လူငယ်များ၊ အရပ်သားများအပါအဝင် စုစုပေါင်း (၉၀) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ယနေ့ ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၅) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၃၃၃) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၄၂၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
ယခင်နေ့များက ဖော်ပြခဲ့သည့် စာရင်းများမှာ ဖမ်းဆီးချုပ်နှောင်၊ လွတ်မြောက် အစရှိသည့် စုစုပေါင်းအရေအတွက်ကို တစုတစည်းတည်း ရေတွက်၍ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ရာ ယနေ့မှစ၍ သီးခြားခွဲထုတ်၍ ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မတ်လ ၂ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၄၂၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၁၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မတ်လ ၂၆) ညအချိန်ကတည်းက အာဏာသိမ်းစစ်အုပ်စုမှ ၎င်းတို့၏ အာဘော်များကိုသာ ဖော်ပြလေ့ရှိသည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှတစ်ဆင့် နောက်စေ့ နှင့် နောက်ကျောကို ဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု ပေါ်ပေါ်တင်တင်ခြိမ်းခြောက်ခဲ့ပြီးနောက် မြန်မာပြည်တစ်ဝှမ်းမှ ပြည်သူလူထုသည် အသက်ဘေးအန္တရာယ်ကြုံတွေ့ လာမည်ကို မမှုဘဲ “တစ်နိုင်ငံလုံး စုဝေး မတ်လတော်လှန်ရေး”ဆိုသည့်အတိုင်း ယနေ့ (မတ်လ ၂၇) ရက်နေ့တွင် စစ်အာဏာရှင်ကို ရဲဝံ့စွာ ဆန့်ကျင် တော်လှန်ခဲ့ကြသည်။ အာဏာသိမ်းစစ်အုပ်စုသည် အရုဏ်ဦးအချိန်ကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို ရက်ရက်စက် ပစ်သတ်ခဲ့ပြီး အာဏာသိမ်းမှု ၅၅ ရက်တာကာလ အတွင်း ယနေ့တွင် အဆိုးရွားဆုံး စံချိန်တင် ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ကလေးသူငယ်များပါ ကျဆုံးခဲ့ကြရသည်။ ထို့ပြင် အရပ်သားပြည်သူ အများအပြား ဒဏ်ရာရရှိခြင်း၊ ဖမ်းဆီးခံရခြင်းတို့ကြောင့် အတည်ပြုရန် အချက်အလက်များ ကောက်ခံနေဆဲဖြစ်သည်။
ယနေ့တွင် အာဏာသိမ်းစစ်အုပ်စုမှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၄ဝ ထက်မနည်းကို ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း သာမက အိမ်စီးကားများပေါ်မှ စစ်သေနတ်များဖြင့်ပါ နေရာအနှံ့ ပစ်ခတ်ဖြိုခွင်းခဲ့ကြ၍ ကျဆုံးသွားကြသည့် အရပ်သားပြည်သူများအနက် ၁ဝ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ် (၆) ဦးလည်း ပါဝင်ခဲ့သည်။
ကျဆုံးသွားသော မန္တလေးတိုင်း မိထ္ထီလာမြို့မှ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ် (၁) ဦးမှာ အိမ်တွင်း၌ ရှိနေသည်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကလေးသည် မန္တလေးမြို့၌ ရ နှစ်အရွယ် မိန်းကလေးပြီးနောက် ဒုတိယမြောက် အိမ်တွင်းဝင်ရောက်ပစ်ခတ်ခြင်းခံခဲ့ရသော ကလေးငယ်ဖြစ်သည်။ ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်မြို့၌ ၁၆ နှစ်အရွယ် ယောက်ျားလေး(၁) ဦး ဆိုင်ကယ်စီးလာသည်ကို အိမ်စီးကားပေါ်မှနေ၍ အနီးကပ် ပစ်ခတ်ခဲ့ပြီး ဒရွတ်တိုက်ဆွဲ၍ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ကလေးသည် ဖမ်းဆီးထားချိန်အတွင်း အချိန်မီဆေးကုသခံယူခွင့်မရရှိသောကြောင့် ကျဆုံးသွားခဲ့သည်။ အာဏာသိမ်း စစ်အုပ်စုသည် ကလေးသူငယ်များကိုပါမချန် ပစ်မှတ်ထားပစ်ခတ်လျက်ရှိခြင်းမှာ အလွန်ဆိုးရွားသော လူသားများချင်း စာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်။ ကလေးသူငယ်များ၏ ဂုဏ်သိက္ခာရှိစွာ နှင့် လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်တို့သည် စစ်အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခြင်း ခံနေကြသည်။
ထို့ပြင် သတင်းယူနေသော သတင်းထောက်များပါမကျန် ပစ်ခတ်ဖမ်းဆီးလျက်ရှိသည်။ ယနေ့တွင် မွန်ပြည်နယ် ကျိုက်ထို မြို့မှ သတင်းထောက် (၁) ဦးသည် သတင်းယူနေစဉ် ပစ်ခတ်ခြင်းခံခဲ့ရသောကြောင့် ခြေထောက်ကျည်သင့်ဒဏ်ရာ အပါအဝင် ဒဏ်ရာအများအပြားရရှိထားကြောင်းသိရှိရသည်။
ထို့ပြင် ယနေ့တွင် မြန်မာပြည်အနှံ့ အလွန်ဆိုးရွားသော အကြမ်းဖက်ဖြိုခွင်းမှု နှင့် အကြောင်းမဲ့ ပစ်ခတ်မှုများအတွင်း သက်သေ ဖျောက်ဖျက်သည့်အနေဖြင့် ရုပ်အလောင်းကို ယူဆောင်သွားခြင်း နှင့် မိသားစုထံသို့ ပြန်လည် အပ်နှံမှုမရှိခြင်း၊ ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွား၍ သေဆုံးသွားခဲ့ခြင်း၊ မိန်းကလေးများ အပါအဝင် ဖမ်းဆီးထားသူများကို မတရားရိုက်နှက် ညှဉ်းပန်းခြင်း၊ ပြည်သူပိုင် နှင့် အများပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လုယက် ယူငင်ခြင်း စသည့် ပြည်သူများ ကြောက်လန့်သွားစေရန် နည်းမျိုးစုံသုံး၍ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြသည်။ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၌ ရင်ဘတ်၌ ကျည်သင့်ဒဏ်ရာရရှိပြီး သွေးထွက်လွန်သော လူငယ် (၁) ဦးအား တရွတ်တိုက် ဆွဲခေါ် သွားခြင်း၊ မန္တလေးတိုင်း၊ မန္တလေးမြို့၌ ဦးခေါင်းကျည်ထိမှန်ထားသော ပြည်သူ (၁) ဦးကို သေသည် ရှင်သည်မသိဘဲ တရွတ်တိုက် ဆွဲခေါ်သွားခြင်းကဲ့သို့သော ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိသည်။
၎င်းပြင် သံတမန်ကျင့်ဝတ်များကိုလည်း ချိုးဖောက်ကာ ယနေ့၌ ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။
ယနေ့တွင် မြန်မာပြည်အနှံ့ အကြမ်းဖက်ဖြိုခွင်းခြင်းခံထားရသော နေရာများသည် စစ်တလင်းများသဖွယ်၊ လူသတ်ကွင်း များသဖွယ်ဖြစ်နေပြီး လက်နက်မဲ့ အရပ်သားပြည်သူများမှာ အကြောင်းမဲ့ ပစ်သတ်ခြင်းခံနေကြရသည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုချင်းစီတိုင်း အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် မြန်မာပြည်သူများ လိုအပ်လျက်ရှိနေသည့် ကာကွယ်စောင့်ရှောက်မှုများဖြင့် တိကျပြတ်သားစွာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိသရွေ့ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များမှာ ပို၍ ဆိုးရွားလာမည်ဖြစ်ပြီး အရပ်သားပြည်သူများမှာလည်း ဆက်လက်၍ ကျဆုံး၊ ဒဏ်ရာရရှိနေဦးမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းထားသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Charge and Fatality Lists_Burmese (Last Updated on 27 March 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for March 27

၂ရ မတ် ၂၁ နေ့တွင်ဒေသအလိုက်ကျဆုံးသူများစာရင်း Fallen (Regions and States)