စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အချက်အလက်ကောက်ယူရရှိနိုင်ခဲ့သည့် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၁၂၆) ဦးရှိခဲ့ပြီဖြစ်သည်။ ထပ်မံ၍ ကျဆုံးသွားသူများကို အတည်ပြုနိုင်ပါက ဆက်လက်၍ ထည့်သွင်း ဖြည့်စွက်သွားမည်ဖြစ်ပါသည်။ ယနေ့တွင် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် မြန်မာနိုင်ငံအနှံ့၌ ကျဆုံးခဲ့ရသည့် ပြည်သူ (၃၈) ဦးထက်မနည်း ရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၅၆) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၈၃၇) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၂၃) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) နီးပါးသည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက် များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော လက်နက်မဲ့ကျောင်းသားလူငယ်များအပါဝင် အပြစ်မဲ့ ပြည်သူများကို နေ့စဉ်ရက်ဆက်ဆိုသလို ကျည်အစစ်များသုံး၍ ရက်စက်စွာ ပစ်သတ်မှုများပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များသည် တနေ့တခြားဆိုးရွားပြင်းထန်လာခဲ့သည်။ ယနေ့တွင်လည်း ရန်ကုန်တိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ကြည့်မြင်တိုင် စသည့် မြို့နယ်များ၊ ပဲခူးတိုင်းတွင် ပဲခူးမြို့၊ မန္တလေးတိုင်းတွင် မန္တလေးမြို့၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နှင့် ကချင်ပြည်နယ်တွင် ဖားကန့်မြို့တို့၌ ကျည်အစစ်များကို အသုံးပြု၍ ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၃၈) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း အချက်အလက်အတည်ပြုရရှိထားပြီး နိုင်ငံအနှံ့အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့ရသူများစာရင်း ကို ဆက်လက်စုံစမ်း၍ တင်ပြသွားပါမည်။
လှိုင်သာယာမြို့နယ်တွင် စစ်မြေပြင်သဖွယ်ဖြစ်နေပြီး ရဲ နှင့် စစ်တပ်တို့မှ အင်အားဖြည့်တင်း၍ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်း ကြောင့် ထိခိုက်ဒဏ်ရာ နှင့် အသေအပျောက်များစွာရှိကြောင်းသိရှိရသည်။ လက်ရှိရရှိထားသော သတင်းအချက်အလက် များ အရ လှိုင်သာယာမြို့နယ်၌ အရပ်သား (၂၂) ဦး ကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၀) ကျော်ရှိကာ (၃) ဦးမှာ စိုးရိမ်းရသော အခြေအနေ၌ရှိသည်ဟု သိရှိရသည်။ ထို့ပြင် ရဲ နှင့် စစ်တပ်မှ ရပ်ကွက်များအထိပါ လိုက်လံ၍ အကြမ်းဖက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ (၁) ဦးမှာ ကျည်အစစ်ထိမှန်ခဲ့၍ စိုးရိမ်ရသည့် အခြေအနေရှိပြီး သေနတ်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရှိရသည်။ ရွှေပြည်သာမြို့နယ်တွင်မူ ပြည်သူ (၁) ဦး ကျဆုံးသွားခဲ့ပြီး (၄) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ တာမွေမြို့နယ်တွင် တာမွေရဲစခန်းအနီး၌ ကျည်ထိမှန်ခဲ့ပြီး ရဲစခန်းအတွင်းသို့ ရဲများမှ ဆွဲယူသွားခြင်းခံခဲ့ရသော လူငယ် (၁) ဦးသည် ကျဆုံးသွားခဲ့သည်ဟု သိရှိရ သည်။ ထို့ပြင် ဒဏ်ရာရရှိသူများရှိနေသည်ဟု သိရှိရသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် (၁) ဦး ကျဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်၌လည်း အရပ်သား (၆) ဦး သေဆုံးခဲ့ပြီး (၉) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ သည်ဟု သိရှိရသည်။ တောင်ဒဂုံမြို့နယ်၌ (၂) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ မြောက်ဒဂုံမြို့နယ်၌လည်း ညသပိတ်ကို ရဲ နှင့် စစ်တပ်မှ ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် လူငယ် (၁) ဦး ကျဆုံးခဲ့ပြီး ဆန္ဒပြပြည်သူ (၄) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
အလားတူပင် ပဲခူးမြို့၌လည်း ဖြိုခွင်းမှုပြင်းထန်ခဲ့ပြီး အမျိုးသမီး (၁) ဦးအပါအဝင် (၂) ဦးကျဆုံးခဲ့ကာ (၁၉) ဦး ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါအမျိုးသမီးသည် နောက်စေ့ကိုကျည်ထိမှန်၍ နေရာတွင်ပင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးကို စစ်သားများက မြောင်းအတွင်းသို့ပစ်ချခဲ့ပြီး အပေါ်မှအမှိုက်ဖုံးကာ ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများမှ ပြောကြား ခဲ့သည်။ မန္တလေးမြို့တွင် အမျိုးသမီး (၁) ဦးသည် ပါးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့သည်။ ထို့ပြင် ရာဘာကျည်ထိမှန်ပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၆) ဦးခန့်ရှိသည်ဟု သိရှိရသည်။ ဖားကန့်မြို့၌လည်း သပိတ်စစ်ကြောင်း ဖြိုခွင်းခြင်းခံခဲ့ရသဖြင့် အရပ်သား (၁) ဦး ရင်ဘတ်ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၅) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် အင်းစိန် နှင့် စမ်းချောင်းမြို့နယ်များ၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့တို့၌လည်း ရာဘာကျည်များ၊ မျက်ရည်ဗုံး၊ အသံဗုံးများသုံး၍ ဖြိုခွင်းခြင်းခံခဲ့ရသည်။ ထို့အပြင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ်အချို့ရှိ စက်ရုံများ၊ ဌာနဆိုင်ရာရုံးများအား စစ်တပ်နှင့်ရဲများမှ မီးရှို့ဖျက်ဆီးပြီး ပြည်သူများမှ ဖျက်ဆီးသည့်ပုံစံမျိုးဖန်တီးခဲ့သော်လည်း အဆိုပါ ရှို့မီးများအား ပြည်သူများမှသာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ ရသည်ဟုသတင်းများရရှိခဲ့ပါသည်။
ယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှု ကျူးလွန်ခြင်းခံရလျှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာအစုအဖွဲ့အလိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုန့်ပြန်ဆောင်ရွက်မှုမှန်သမျှသည် ပြစ်မှု မမြောက်ကြောင်းကိုလည်း ဖော်ပြထားသည်။ အဆိုပါကြေညာချက်သည် ယမန်နေ့က ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းမှ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြည်သူများ၏ ကာကွယ်ခုခံပိုင်ခွင့်နှင့်ပတ်သက်၍ ထည့်သွင်းပြောကြား ခဲ့ပြီးသည့်နောက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကြေညာချက်ကို မိမိတို့မှလည်း ကြိုဆိုပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Download link for Copy of Recent Arrest List (Last Updated on 14 March 2021) (to up)

Download link for Copy of Fatality List (Last Updated on 14 March 2021) (to up)