စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – သြဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ သြဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၈၈) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၂၈၇) ဦးရှိပြီး ထိုအထဲမှ (၂၀၈၂၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၆၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

သြဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိပြီ ဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၄၆၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၅) ဦးနှင့် အမျိုးသား (၅၃) ဦး စုစုပေါင်း (၈၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦးနှင့် အသက် ၆၀ နှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၅) ဦး ပါဝင် သည်။ ထို့ပြင် ၎င်း (၈၈) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၂၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၄၅) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။

ထို့ပြင် တစ်လတာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၅၂) ဦး စုစုပေါင်း (၇၄) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူ (၇၄) ဦးအနက် မန္တလေးတိုင်းမှာ (၂၃) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၁၃) ဦးနှင့် အမျိုးသား (၆၇) ဦး စုစု ပေါင်း (၈၀) ဦး ရှိခဲ့ပြီး ၎င်းအရေအတွက်၌ အသက် ၁၈ နှစ်အောက် ထောင်ဒဏ် ချမှတ်ခံရသူ (၇) ဦး ပါဝင်သည်။ အဆိုပါ (၈၀) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၇၅) ဦးဖြင့် ထောင်ဒဏ် အများဆုံး ချမှတ်ခံထားရပြီး၊ ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ နှစ်အထက် ချမှတ်ခံရသူ (၃၀) ဦးနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ (၃) ဦး ပါဝင်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း