စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၈၃) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၄၂) ဦးရှိပြီး ထိုအထဲမှ (၂၀၂၇၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၇၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၁၇၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးပြင်းထန်နေချိန်တွင် စစ်အုပ်စုက ကုန်စည် နှင့် ဆေးဝါးစီးဆင်းမှုကို ဖြတ်တောက်ထားသဖြင့် ပြည်သူများ အခက်ကြုံနေရပြီး ဆေးရုံများ၌ ဆေးဝါးပြတ်တောက်မှု မြင့်တက်လာသည့်အပြင် ဆေးကုသရန် လမ်းပိတ်ထားသည့်အတွက် အသက်ဆုံးရှုံးမှုများ ရှိလာသည်။ ထို့ပြင် လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေရန် စစ်အုပ်စုက ရခိုင်ပြည်နယ်၌ သွေးထိုးလှုံ့ဆော်နေပြီး နိုင်ငံသားစီစစ်ရေး ကဒ်ပြားတွင် ရခိုင်ပြည်နယ် မှတ်ပုံတင်အမှတ် (၁၁/) ကိုင်ဆောင်သူများကို ပြည်တွင်း၌ ခရီးသွားလာခွင့် မပြုရန်နှင့် လက်မှတ်များ မရောင်းချကြရန် ယာဉ်လိုင်းများနှင့် ခရီးသွားအေဂျင်စီများကို ညွှန်ကြားထားကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မှတ်ပုံတင် မကိုင်ဆောင်သော စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ မြို့နယ်များမှ ထောက်ခံစာများ ပါမှသာလျှင် ခရီးသွားလက်မှတ်များကို ရောင်းချရန် ညွှန်ကြားထားကာ စစ်အုပ်စုက လွတ်လပ်စွာ သွားလာခွင့်ကို တင်းကြပ်ထားသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော် ၌ စစ်အုပ်စု၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ရွေးချယ်ထားသူများ ကို ထောက်ပံ့ရန်ဟုဆို၍ ပြည်သူများထံမှ ငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။ ၎င်းပြင် စစ်မှုထမ်းဥပဒေ ထုတ် ပြန်ပြီးနောက် နောက်ဆက်တွဲအနေဖြင့် စစ်မှုထမ်းရန် ရွေးချယ်ခံရသူတချို့သည် မိမိကိုယ့်ကိုယ် သေကြောင်းကြံစည် ကြကြောင်း တွေ့ရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း